တာချီလိတ်မြို့တွင် စည်ပင်မှ တရားဝင်လိုင်စင် ထုတ်ပေးထားသည့် ကွမ်းယာဆိုင် (၁၇) ဆိုင်သာရှိ

တာချီလိတ်မြို့တွင် စည်ပင်မှ တရားဝင်လိုင်စင် ထုတ်ပေးထားသည့် ကွမ်းယာဆိုင် (၁၇) ဆိုင်သာရှိ
ဒီဇင်ဘာ 11, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနက အခွန်စည်းကြပ်သည့် ကွမ်းယာဆိုင် (၁၇)ဆိုင်သာရှိပြီး လမ်းဘေးတွင် ကျူးကျော်ရောင်းချနေသည့်ဆိုင်များကို လိုင်စင်ထုတ်ပေးထားခြင်း မရှိကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။

"လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေက ကောက်လို့မရဘူး။ အိမ်မှာ သီးသန့်လုပ်တဲ့ဆိုင်တွေပဲ ကောက်တာ။ လမ်းဘေးမှာ ကျူးပြီးရောင်းနေတဲ့ဆိုင်တွေကို ကျွန်တော်တို့က လိုင်စင်မပေးဘူး။ ပေးလိုက်ရင် သူတို့ကို အသိအမှတ်ပြုသလို ဖြစ်သွားမယ်။ လမ်းဘေးတွေက လိုအပ်ရင် ရှင်းလင်းရမှာဖြစ်လို့ လိုင်စင်ထုတ်မပေးဘူး" ဟု တာချီလိတ်မြို့ စည်ပင်သာယာရေးဌာန၊ သန့်ရှင်းရေးဌာနမှ ဒုဦးစီး ဦးထီးတန်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အနေဖြင့် ကွမ်းသီး၊ ကွမ်းရွက်နှင့် ကွမ်းယာများ တွဲဖက်ရောင်းချသည့်ဆိုင်များကို ကွမ်းယာဆိုင်(ပထမတန်းစား)အဖြစ် သတ်မှတ်ပြီး ကွမ်းယာ သီးသန့်ရောင်းချသည့်ဆိုင်များကို ကွမ်းယာဆိုင်(ဒုတိယတန်းစား)အဖြစ်သတ်မှတ်ကာ အခွန်စည်းကြပ်နေရာ တာချီလိတ်တွင် ပထမတန်းစားဆိုင် (၁၅) ဆိုင်နှင့် ဒုတိယတန်းစားဆိုင် (၂) ဆိုင်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အခွန်၊ အခ၊ အကောက်စည်းကြပ်ကောက်ခံမည့်နှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ပြီး ကွမ်းယာဆိုင်(ပထမတန်းစား)ကို ယခင်က (၄၉,၀၀၀) ကျပ်မှ (၆၀,၀၀၀) ကျပ်သို့ လည်းကောင်း၊ ကွမ်းယာဆိုင်(ဒုတိယတန်းစား)ကို ယခင် (၄၂,၀၀၀) ကျပ်မှ (၅၀,၀၀၀) ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~