တာချီလိတ်မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေ ဧက (၂၀၀၀) ကျော်ကို စိုက်ပျိုးမြေ လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်

တာချီလိတ်မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေ ဧက (၂၀၀၀) ကျော်ကို စိုက်ပျိုးမြေ လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်
ဒီဇင်ဘာ 25, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေ ဧက (၂၀၀၀) ကျော်ကို 
စိုက်ပျိုးမြေ လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း စိုက်ပျိုးမြေအဖြစ် လျှောက်ထားပြီး (၄)နှစ်ကျော်သည်အထိ လုပ်ငန်း ဖေါ်ဆောင်ခြင်းမရှိ၍ ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်မြေရိုင်း ဧက (၂၀၀၀) ကျော်ကို စိုက်ပျိုးမြေလုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

"တာချီလိတ်မြို့နယ်အတွင်း ဧက (၂၀၀၀) ကျော်လောက် စွန့်လွှတ်ထားတာ ရှိပါတယ်။ အသုံးမပြုတဲ့အတွက် မြေလွှတ်မြေရိုင်း ဥပဒေနဲ့အညီ ပြန်စွန့်လွှတ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်က ပြန်သိမ်းတဲ့အတွက် မြေလွတ် မြေရိုင်းအဖြစ် ပြန်ရှိမယ်။ တောင်သူတွေအနေနဲ့ လျှောက်ထားချင်တယ်ဆိုရင် လျှောက်ထားလို့ ရပါတယ်။ မြို့နယ်လယ်ယာမြေ စာရင်းဦးစီးဌာနမှာ သတ်မှတ် ပုံစံရှိပါတယ်။ မြေလွတ်မြေရိုင်း လျှောက်ထားတဲ့ပုံစံနဲ့ မြေပုံကြမ်းနဲ့အတူ စီမံချက်တွေရေးဆွဲပြီးတော့ လျှောက်ထားလို့ရပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြေဧကများကို စိုက်ပျိုးမြေများအဖြစ် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာလအတွင်း လျှောက်ထား ရယူထားခဲ့ကြခြင်းဖြစ်ပြီး (၄)နှစ်အတွင်း အကောင်အထည်ဖေါ်ရမည်ဖြစ်သော်လည်း အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့မှစ၍ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို ရုပ်သိမ်းလိုက်ပြီး ပေးသွင်းထားသော အာမခံကြေးများကိုပါ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

လုပ်ငန်းမဖေါ်ဆောင်၍ သိမ်းဆည်းထားသည့် မြေယာများမှာ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အုပ်စုအတွင်း ဦးကိုချစ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၈၉.၂၀) အနက် မြေ (၄၁.၂၀)ဧက၊ တက်နေဝင်း ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၅၀.၁၀)အနက် (၁၀.၁၀)ဧက၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၁၇၉.၃၀)အနက် (၉၁.၃)ဧက၊ ဟောင်လိတ်ကျေးရွာအုပ်စုအတွင်း ဒေါ်နန်းခမ်းတစ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၉၃.၁၉)၊ ဦးအိုက်လာ လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၇၁.၆၁)၊ ဦးအားဟီ လုပ်ကိုင်ခွင့် ရထားသည့် မြေ (၃၅.၁၉)ဧက၊ ဦးသန်းနိုင် လုပ်ကိုင်ခွင့်ရထားသည့် မြေ (၁၀)ဧက၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်က လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၃၆၇)ဧက၊ ဦးထွန်းမင်းလတ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၆၀၀)၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုတွင် ဒေါက်တာသီတာဇင် လုပ်ကိုင်ခွင့်ရထားသည့် စုစုပေါင်းမြေဧက (၂၅၀)၊ ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စုတွင် ဒေါ်အေးအေး လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၂၅၀)နှင့် ဒေါ်ဝင်းစံဖြူ လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၂၀၀)တို့ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~