တောင်ကြီးမြို့မှ ရှမ်းလေးပဲဆီတံဆိပ်များ ဈေးကွက်မှ ဇူလိုင် (၃၀)ရက် နောက်ဆုံးထားသိမ်းဆည်းရမည်

တောင်ကြီးမြို့မှ ရှမ်းလေးပဲဆီတံဆိပ်များ ဈေးကွက်မှ ဇူလိုင် (၃၀)ရက် နောက်ဆုံးထားသိမ်းဆည်းရမည်
ဇူလိုင် 13, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ ပဲဆီ၊နှမ်းဆီအတု ထုတ်လုပ်သည့် လုပ်ငန်းမှ ဈေးကွက်တွင်း ဖြန့်ချိထားသည့် ရှမ်းလေးတံဆိပ် စားသုံးဆီများအား ဇူလိုင်လကုန်တွင် ဈေးကွက်မှ အပြီးသတ် သိမ်းဆည်းရန် ညွှန်ကြားထားပြီး လုပ်ငန်းရှင်အား အရေးယူနိုင်ရန် ဇူလိုင်လ (၁၃)ရက်နေ့တွင် ဆွေးနွေးပွဲ ကျင်းပနေကြောင်း သိရသည်။

“ညောင်ဖြူစခန်းရပ်ကွက်က ဦးထက်ကိုကို ထုတ်လုပ်နေတဲ့ ရှမ်းလေးမြေပဲဆီက ထုတ်လုပ်မှုလိုင်စင်လည်း မရှိပါဘူး။ ထုတ်လုပ်ဖြန့်ဖြူးတဲ့ဆီကလည်း စားသုံးရန်မသင့်ဝါဆီကို အရောအနှောလုပ်ပြီး ဖြန့်နေတာဖြစ်တယ်။ ပထမအဆင့် ဈေးကွက်ကနေ သိမ်းခိုင်းထားပါတယ်။ မလိုက်နာရင် ဒုတိယအဆင့်အနေနဲ့ လုပ်ငန်းလိုင်စင်ရုပ်သိမ်းရမှာဖြစ်ပေမယ့် ထုတ်လုပ်သူက လုပ်ငန်းလိုင်စင် မရှိတဲ့အတွက် ဈေးကွက်ကနေ အပြီးသိမ်းဆည်းခိုင်းထားပါတယ်”ဟု ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆီထုတ်လုပ်ငန်းကြောင့် ပတ်ဝန်းကျင်တွင် ညှော်နံ့များ ခံစားနေရကြောင်း တိုင်ကြားချက်အရ စားသုံးသူရေးရာအဖွဲ့နှင့် တာဝန်ရှိသူများသည် သတင်းရရှိထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၊ မင်္ဂလာဦးရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ နယ်မြေ(၁၄)၊ (မ/၇) နေအိမ်သို့ ဇူလိုင်လ (၁၁)ရက် နံနက် (၉)နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးရာ လုပ်ငန်းခွင်နေအိမ်မှ ညအချိန်တွင် ရွှေ့ပြောင်းထားကြောင်း သိရသဖြင့် ဆက်လက်စုံစမ်းဖော်ထုတ်ချက်အရ ညောင်ဖြူစခန်းရပ်၊ ရတနာလမ်းသွယ် (၁)၊ ည (၁၇)နေအိမ်သို့ နံနက် (၁၀)နာရီအချိန်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့၊ ရပ်ကွက် တာဝန်ရှိသူများ လိုက်ပါလျက် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စားသုံးဆီထုတ်လုပ်နေသည့်လုပ်ငန်းခွင်တွင် ၀ါဆီ( ၁၂၃) ပိဿာ၊စားအုန်းဆီ( ၉၉၂ ) ပိဿာ၊ မြေပဲဆီ (၂၀၀) ပိဿာ၊ နှမ်းဆီ (၉၈) ပိဿာ၊တရုတ်စာတန်းပါ မြေပဲဆီအနံ့(၇၀) စီစီခန့်တို့အား စစ်ဆေးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းလေးမြေပဲဆီအမည်ဖြင့် ဓာတုပစ္စည်းများရောနှောထားခြင်း၊ ရောနှောဆီကို ပဲဆီဟု ဖော်ပြထားခြင်း၊ တရားမဝင်လိုင်စင်မဲ့ထုတ်လုပ်ခြင်းတို့ကြောင့် ဈေးကွက်တွင်းဖြန့်ထားသည့်ဆီများအား ဇူလိုင်လ (၃၀)ရက်နေ့ထား၍ ပြန်လည်သိမ်းဆည်းစေရန် လုပ်ငန်းပိုင်ရှင် ဦးထက်ကိုကိုအား ဝန်ခံကတိ လက်မှတ်ရေးထိုး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်လ (၁၃)ရက်နေ့ နံနက်က ထုတ်ကုန် လုံခြုံစိတ်ချရမှု ဆိုင်ရာလုပ်ငန်းကော်မတီ (၃/၂၀၁၇)အစည်းအဝေးအား ကျင်းပနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~








 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~