TSDP အစီအစဉ်အရ အားကစားပြိုင်ပွဲ (၅)မျိုးဖြင့် ကျိုင်းတုံမြို့၌ ပြိုင်ပွဲများ စတင် ကျင်းပ

TSDP အစီအစဉ်အရ အားကစားပြိုင်ပွဲ (၅)မျိုးဖြင့် ကျိုင်းတုံမြို့၌ ပြိုင်ပွဲများ စတင် ကျင်းပ
ဇန်နဝါရီ 20, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ ၂၀ရက်၊ နေ့လည် ၂ နာရီ အချိန်ခန့်က ကျိုင်းတုံ မြို့မအားကစားကွင်းတွင် ကျင်းပသည်။

အားကစားပြိုင်ပွဲတွင် အလွတ်တန်းဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘိလိယက်ပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ဖြစ်မြောက်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ အား ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးအား ပေးအပ်သည်။

"ဒီ TSDP အစီအစဉ်အနေနဲ့ ကျွန်တော်တို့ ကျိုင်းတုံနဲ့ တခြားမြို့တွေဖြစ်တဲ့ ပင်လုံ၊ ရပ်စောက်၊ လားရှိုး၊ သီပေါ စတဲ့ မြို့တွေမှာလည်း ကျင်းပသွားမှာဖြစ်ပါတယ်.."ဟု ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားသို့ တြိဂံတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး နှင့် တပ်မတော်အရာရှိများ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဦး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်နှင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပြင် ကျောင်းသား ကျောင်းသူ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

(TSDP)အရ ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများ အနက် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ကို ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ ၃ နာရီိက ကျိုင်းတုံမြို့နယ် အားကစားကွင်းတွင် အုပ်စု(က)မှ ရပ်ကွက်(၅)အသင်း နှင့် ရပ်ကွက်(၄)အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရပ်ကွက်(၅)အသင်းမှ ၃ ဂိုး ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်း။ ။ ဇွဲမြတ် ၊ ဖူးနှင်းဖြူ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~