ရှမ်းပြည်နယ် အတွင်း တိုက်ပွဲကြောင့် စစ်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ တာချီလိတ်၌ လှူဒါန်းနိုင်ပြီ

ရှမ်းပြည်နယ် အတွင်း တိုက်ပွဲကြောင့် စစ်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ တာချီလိတ်၌ လှူဒါန်းနိုင်ပြီ
နိုဝင်ဘာ 18, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အလယ်ပိုင်းတွင် အစိုးရတပ်မတော် နှင့် SSPP/SSA တို့အကြား တစ်လကျော်အကြာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုင်းရင်းသား ပြည်သူများ စစ်ဘေးသင့်ခဲ့ရပြီး အဆိုပါ စစ်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ လိုအပ်နေလျက်ရှိကြောင်း သိရသည့်အတွက် တာချီလိတ်ရှိ စေတနာရှင် တစ်စုမှ အများသူငှာ လှူဒါန်းလာသော ထောက်ပံ့ပစ္စည်းများကို စစ်ဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် နိုဝင်ဘာလ(၁၈)ရက်နေ့မှ စ၍ စေတနာရှင်များ လှူဒါန်းလာမည့် ထောက်ပံ့ပစ္စည်းများကို လက်ခံပေးနေပြီဖြစ်ကြောင်း သိရသည်။

စစ်ဘေးသင့် ပြည်သူများအတွက် စေတနာရှင်များ လှူဒါန်းလာမည့် ထောက်ပံ့ပစ္စည်းများကို မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား အနီးရှိ "ကျော်"အလျူမီနီယံ၊ စတီး၊ သံပန်း ဆိုင်တွင် လက်ခံ ပေးနေလျက်ရှိပြီး၊ အိမ်တိုင်ရာရောက် လာရောက်ယူရန် လိုအပ်ပါကလည်း လာရောက် ယူဆောင်ပေးမှာဖြစ်ကြောင်း သိရသည်။

"ထောက်ပံ့ပစ္စည်းတွေကို "ကျော်"အလျူမီနီယံဆိုင်မှာ လာလှူလို့ရပါတယ်၊ လက်ခံပေးနေပါတယ်၊ လာဖို့ အဆင်မပြေရင်လည်း ဖုန်းဆက်လိုက်ပါ၊ လာယူပေးလို့ရပါတယ်၊ ထောက်ပံ့ပစ္စည်းတွေ တော်တော်များများ ရလာပြီဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့တွေ စစ်ဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ပေးအပ်ပေးမှာပါ.."ဟု စစ်ဘေးသင့် ပြည်သူများအတွက် အလှူခံပေးနေသည့်အဖွဲ့မှ ကိုဘိုက ပြောသည်။

"စစ်ဘေးသင့် ပြည်သူများအတွက် အစားသောက် နဲ့ အ၀တ်အထည်များအစား ငွေကြေးကို အဓိကထားလှူဒါန်းတာက ပိုအဆင်ပြေမယ်လို့ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုရောက်ရင် သူတို့အတွက် တကယ့် လိုအပ်တာကို လုပ်ပေးလို့ရနိုင်အောင်လို့ပါ..."ဟု ၎င်းမှ ပြောသည်။

ရှမ်းပြည်နယ်အလယ်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ရှမ်းပြည်နယ် အနှံ့အပြားသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး လဲချားမြို့တွင် (၅၀၀)ဦး၊ မိုင်းရှုးမြို့ (၁၀၀၀)ဦး၊ ဟိုင်းပါးတွင် (၁၂၃၇)ဦး၊ ဝမ်ဝတွင် (၁၀၀၀)ဦး၊ မိုင်းနောင်တွင် (၃၈၀)ဦး၊ ကျောက်မဲတွင် (၁,၀၀၀)ဦး ခန့်ရှိပြီး၊ ဝမ်စိမ်း နဲ့ ကျင်းလိန်ရွာများတွင်လည်း စစ်ဘေးဒုက္ခသည် (၅၀၀)ကျော်ခန့်ရှိပြီး နေရာအနှံ့အပြားတွင် စုစုပေါင်း(၁၀၀၀၀)ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရန်
"ကျော်"အလျူမီနီယံ၊ စတီး၊ သံပန်း ဆိုင်
BP Fitnes Tachileik အားကစားရုံရှေ့တည့်တည့်၊ မယ်ခေါင်ရပ်ကွက်၊ အမှတ်(၂) တံတား အနီး။ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။  09250250246
ထိုင်းဖုန်း။   ။ 0947272723

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~