မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား အဆောက်အဦ အပေါ်ပိုင်း ပျက်စီးယိုယွင်း

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား အဆောက်အဦ အပေါ်ပိုင်း ပျက်စီးယိုယွင်း
အောက်တိုဘာ 18, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားရှိ ဂိတ်၏ အဆောက်အဦ၏ မျက်နှာကျက်ပိုင်းတွင် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများက အဆိုပါနေရာများကို သက်ဆိုင်ရာမှ အမြန်ဆုံး ပြုပြင်ပေးရန် လိုလားနေကြောင်း သိရသည်။

"ဒီနေရာက ရပ်ကွက်ထဲက နေရာမဟုတ်ဘူးလေ၊ ထိုင်းနဲ့လည်း အနီးဆုံးဖြစ်နေတာ၊ တစ်ဖက် ထိုင်းနိုင်ငံဘက်က အဆောက်အဦကို ကြည့်လိုက်ရင် သားနားနေတာပဲ၊ အခု ကျွန်တော်တို့ဘက်က အဆောက်အဦမှာတော့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ကဲ့ရဲ့စရာဖြစ်နေတာပေါ့၊ ဒါကြောင့် အမြန်ဆုံး ပြုပြင်သင့်ပါတယ်.."ဟု ဒေသခံ ကိုသန်းဝေက ပြောသည်။

ယခုလို ပျက်စီးယိုယွင်းနေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတို့မှ ပြုပြင်ရန်ရှိသည်ဟု ဆိုသော်လည်း ယနေ့ထိ အကောင်အထည် မဖော်နိုင်သေးဘဲ ရှိနေသည့်အပြင် မိုးရွာသွန်းလျှင် အဆိုပါ အဆောက်အဦ မျက်နှာကျက်သို့ ရေများယိုကျကာ ပျက်စီးစေကြောင်း သိရသည်။

အဆိုပါ ဂိတ်သည် နေ့စဉ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ ခရီးသွားဧည့်သည် နိုင်ငံခြားသားများ ၀င်ထွက်သွားလာနေသော ဂိတ်တစ်ဂိတ်ဖြစ်ပြီး၊ မြန်မာဘက်မှလည်း ဧည့်သည်များ ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသော ဂိတ်တစ်ဂိတ်ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~