လက်ဖက်ရည်ဆိုင် အလုပ်သမားမှ အလုပ်ရှင်၏ ရွှေထည်၊ ငွေကြေးနှင့် ဆိုင်ကယ်အားခိုးယူ

လက်ဖက်ရည်ဆိုင် အလုပ်သမားမှ အလုပ်ရှင်၏ ရွှေထည်၊ ငွေကြေးနှင့် ဆိုင်ကယ်အားခိုးယူ
စက်တင်ဘာ 30, 2015
By Tachileik News Agency

လက်ဖက်ရည်ဆိုင် အလုပ်သမားမှ ဆိုင်ရှင်၏ နေအိမ်မှ ရွှေထည်၊ ငွေကြေးများနှင့် ဆိုင်ကယ်(၁)စီးခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"ဆိုင်ရှင်က အိမ်မှာ မအိပ်ဘဲ ဆိုင်လာစောင့်အိပ်တဲ့ အချိန် ဆိုင်အလုပ်သမားတွေက ခိုးသွားတာပါ၊ အခင်းဖြစ်တဲ့ အိမ်မှာ စွန်းထင်းနေတဲ့သွေးကို ခြေရာခံလိုက်တော့ ဆိုင်အလုပ်သမားထဲမှာ အခုလက်ငင်း လက်မှာ ပြတ်ရှရာတွေ့လို့ စစ်ဆေးတော့ ဖမ်းမိတာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်သန်းမှပြောသည်။

စက်တင်ဘာလ (၂၈)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ ရွှေလက်ရာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ ဆိုင်တွင် အိပ်ရာမှထ၍ နေအိမ်သို့ ပြန်လာစဉ် နေအိမ်တံခါးမှာ ပွင့်နေပြီး အိပ်ခန်းအတွင်းမှ ရွှေထည်မျိုးစုံ၊ အနွေးထည် မိုးကာဂျာကင်(၁)ထည်၊ ကျပ်(၃၀၀၀)နှင့် ထိုင်းဘတ်(၁၀၀၀)တို့နှင့်အတူ နေအိမ်တွင် ရပ်ထားသော Honda Click အမျိုးအစား မော်တော်ဆိုင်ကယ် အနီရောင်တစ်စီးတို့ ပျောက်ဆုံးနေသဖြင့် တာချီလိတ်ရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေလက်ရာ လက်ဖက်ရည်ဆိုင်မှ အလုပ်သမားနှင့်အတူ သူငယ်ချင်းတစ်ဦးတို့မှ နေအိမ်ခြံစည်းရိုးအား ကျော်တက်၍ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးချက်အရသိရှိရသည်။

ခိုးရာပါ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ(၂)ဦးအား  တာချီလိတ်မြို့မရဲစခန်း (ပ)၂၀၁/၂၀၁၅၊ ပြစ်မှုပုဒ် ၃၈၀ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~