စေတနာရှင်များ ကောင်းမှုဖြင့် ကျေးရွာရှိ ကျောင်းများသို့ ရသစုံ စာအုပ်(၃၄၂၁)အုပ်ကို လူငယ်တစ်စုမှ ပြန်လည် လှူဒါန်း

စေတနာရှင်များ ကောင်းမှုဖြင့် ကျေးရွာရှိ ကျောင်းများသို့ ရသစုံ စာအုပ်(၃၄၂၁)အုပ်ကို လူငယ်တစ်စုမှ ပြန်လည် လှူဒါန်း
သြဂုတ် 26, 2015
By Tachileik News Agency

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးအတွက် "စာအုပ်ကြိုက် သလောက်ယူ၊ အလှူငွေကြိုက်သလောက်ပေး၊ ရေဘေးကူညီရေး"အစီအစဉ်ဖြင့် စာရေးဆရာ သွန်းနေစိုး(ဒဿကျော်စွာ)နှင့် တာချီလိတ်မြို့ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင် မိသားစု အပါအ၀င် စေတနာရှင်များ လှူဒါန်းထားသည့် ရသစုံစာအုပ်များကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် လူငယ်တစ်စုမှ ရောင်းချပေးခဲ့ရာမှ ပိုလျှံသည့် စာအုပ်များအား တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများရှိ ကျောင်းများသို့ ယနေ့ သြဂုတ်လ(၂၆)ရက်နေ့တွင် ပြန်လည်လှူဒါန်းရာ စုစုပေါင်း ရသစုံ စာအုပ် အုပ်ရေမှာ (၃၄၂၁)အုပ်ရှိကြောင်း သိရသည်။

"စာအုပ်ကြိုက် သလောက်ယူ၊ အလှူငွေကြိုက်သလောက်ပေး၊ ရေဘေးကူညီရေး"အစီအစဉ်ဖြင့် စာအုပ်များကို ရောင်းချခဲ့ကြသည့် လူငယ်များမှ ကနဦးတွင် တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် အတွင်းရှိ နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ရသစုံ စာအုပ်( ၆၅၉)အုပ်အား လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်မှ ၀မ်းမြောက်စွာ လက်ခံတော်မူသည်။

အဆိုပါ နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းအထိ သင်ကြားပေးနေပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၃)ဦးအား သင်ကြားမှု ဆရာအဖြစ် ဦးဇင်း(၆)ပါး၊ ဆရာ(၁)ဦးနှင့် ဆရာမ(၄)ဦး စုစုပေါင်း (၁၁)ဦးမှ သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။

 ဆက်လက်၍ အဆိုပါ အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုရှိ အခြေခံပညာ အလယ်တန်းကျောင်း(၀မ်ပုံ)သို့ သွားရောက်ကာ ရသစုံ စာအုပ်(၄၇၀)အုပ်အား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်အေး နှင့် ဆရာ၊ ဆရာမများက ၀မ်းမြောက်စွာ လက်ခံရယူသည်။

အဆိုပါ အလက(၀မ်ပုံ)တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၂)ဦးရှိပြီး ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာ၊ ဆရာမ စုစုပေါင်း(၁၃)ဦးမှ ပညာသင်ကြားပေးနေလျက်ရှိပြီး တိုင်းရင်းသား ကလေးငယ်များ ရှိကြောင်း သိရသည်။

ထိုမှတဆင့် အခြေခံပညာမူလတန်းကျောင်း(ခုတ်ဝ)သို့ သွားရောက်ကာ ရသစုံ စာအုပ်(၄၆၅)အုပ် နှင့် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ(၁)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်မော်နှင့် ကျေးရွာသူကြီးများ၊ ကော်မတီဝင်များက ၀မ်းမြောက်စွာ လက်ခံရယူခဲ့ပြီး အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅)ဦးကို ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ(၄)ဦးမှ သင်ကြားပေးနေတာဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့သည် အခြေခံပညာအလယ်တန်းကျောင်း(၀မ်တုံ)သို့ သွားရောက်ပြီး ရသစုံ စာအုပ်(၄၈၀)အုပ် နှင့် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ(၅၀၀၀၀)တို့အား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမြင့် နှင့် ဆရာမများက ၀မ်းမြောက်စွာ လက်ခံရယူကြောင်း နှင့် အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၂)ဦးနှင့် သင်ကြားမှု ဆရာ၊ ဆရာမ စုစုပေါင်း (၁၄)ဦးရှိကြောင်း သိရသည်။

မိုင်းဖုန်းကျေးရွာအုပ်စုမှ တဆင့် တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ အဆိုပါ အဖွဲ့မှ သွားရောက်ပြီး ရသစုံစာအုပ် (၃၆၇)အုပ်ကို လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးသန်းစိုး နှင့် ဆရာမများက ၀မ်းမြောက်စွာ လက်ခံရယူကြောင်း နှင့် ယင်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၂၂၇)ဦး နှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၃၂)ဦး ရှိကြောင်း သိရသည်။

ဆက်လက်၍ တာလေမြို့ ရပ်ကွက်(၃)အတွက် ရသစုံ စာအုပ်(၃၄၀)ကို ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်ထံ ပေးအပ်လှူဒါန်းရာ ၎င်းမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူသည်။

ထိုမှတဆင့် တာလေမြို့ နားအွန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(နားအွန်)တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ရသစုံ စာအုပ်(၄၂၀) နှင့် ကျပ်ငွေ(၅၀၀၀၀)တိတိကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင် နှင့် ဆရာ၊ ဆရာမများမှ လက်ခံရယူကြောင်း နှင့် အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း (၃၂၀)ဦး နှင့် သင်ကြားမှု ဆရာ၊ ဆရာမ စုစုပေါင်း (၁၄)ဦး ရှိကြောင်း နှင့် တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြန်/ဆက်ရုံးသို့လည်း ရသစုံ စာအုပ်(၂၅၀)ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း
သိရှိရသည်။

"အခုလို လာရောက်လှူပေးတာ အရမ်းကောင်းတယ်၊ ကျောင်းတွေမှာ လိုနေကြတဲ့ အရာတွေထဲက တစ်ခုပါ၊ ကလေးတွေကို စာအုပ် စာပေတွေ ဖတ်ခိုင်းပြီး နမူနာယူသင့်တာတွေ၊ ရှောင်သင့် ရှားသင့်တာတွေကို ပမာနှိုင်းပြီး ပြောရတာ၊ ကျွန်မတို့ ကျောင်းမှာ လိုအပ်နေတာနဲ့ အတော်ပဲမို့ ကျေးဇူးတင်ပါတယ်.."ဟု ကျောင်းအုပ်ဆရာမကြီး တစ်ဦးက ပြောသည်။

ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကလေးငယ်များ အတွက် လိုအပ်နေလျက်ရှိသည့် ရုပ်ပြစာအုပ်များကို အဆိုပါ လူငယ်တစ်စုမှ ဆက်လက်၍ စေတနာရှင်များထံမှ အလှူခံသွားပြီး ယခုလို လက်ဝယ်အရောက် ပြန်လည်လှူဒါန်းသွားဖို့ အစီအစဉ်များရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးအတွက် "စာအုပ်ကြိုက်သလောက်ယူ၊ အလှူငွေကြိုက်သလောက်ပေး၊ ရေဘေးကူညီရေး" အစီအစဉ်ဖြင့် စာရေးဆရာ သွန်းနေစိုး(ဒဿကျော်စွာ)နှင့် တာချီလိတ်မြို့ ဗယ်လင်တိုင်း(ကဖေး နှင့် အအေး) စားသောက်ဆိုင် မိသားစု အပါအ၀င် စေတနာရှင်များ လှူဒါန်းထားသည့် ရသစုံ စာအုပ်များကို
(၉)ရက်တိတိ အောင်မြတ်ခန်းမတွင် ပြန်လည်ရောင်းချပေးခဲ့ရာ လူပေါင်း(၃၇၀)ဦးမှ  စာအုပ်(၂၅၁၇)အုပ်အား လာရောက်ဝယ်ယူရာ ထိုင်းဘတ်ငွေ (၉၆၀၁၇)ဘတ် နှင့် မြန်မာကျပ်ငွေ (၁,၀၉၅,၂၀၀)ကျပ် ရရှိခဲ့ပြီး ပိုလျှံသည့် ရသစုံ စာအုပ် (၃၄၂၁)အုပ်အား ကျေးရွာများရှိ စာသင်ကျောင်း(၅)ကျောင်းနှင့် ဘ/က (၁)ကျောင်းတွင် သြဂုတ်လ(၂၆)၇က်နေ့တွင် ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~