မိုးရွာသွန်းမှု လျော့နည်းသဖြင့် တာချီလိတ်တောင်သူများ အခက်တွေ့

မိုးရွာသွန်းမှု လျော့နည်းသဖြင့် တာချီလိတ်တောင်သူများ အခက်တွေ့
ဇူလိုင် 4, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်အတွင်း ယခုနှစ် မိုးဦးကာလတွင် မိုးရွာသွန်းမှု
နည်းပါးသည့် အတွက် လယ်ယာစိုက်ပျိုးရေးတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

( စိုက်ပျိုးရေးဦးစီးဌာန ၊တာချီလိတ်ခရိုင် ဦးစီးမှူးဦးလှဝင်း )

"သင်္ကြန်အလွန်မှာ မိုးရွာလိုက်တဲ့အတွက် တောင်သူတွေက ဒီနှစ် မိုးဦးစောမယ်လို့မျှော် မှန်းပြီး ပျိုးထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် မေလမှာ မိုးရွာသွန်းမှု လျော့ကျသွားတဲ့ အတွက် ပျိုးပင်အချို့ ပျက်စီးခဲ့ရပါတယ်။ ပုံမှန်အားဖြင့် မေလအတွင်းမှာ မိုးရေချိန် ပျမ်းမျှ (၁၀)လက်မရှိရမှာပါ၊ သို့သော် ဒီနှစ်မှာတော့ (၆.၃၂)လက်မသာ ရွာသွန်းခဲ့ပါတယ်။ တခါ ဇွန်လအတွင်းမှာ မိုးရေချိန် (၉)လက်မ မှ (၁၀)လက်မ ၊ မိုးရွာသွန်းရက် (၁၂)ရက်ရှိရမှာပါ။ ဒါပေမယ့်လည်း ဇွန်လအတွင်း မိုးရွာသွန်းရက်က (၈)ရက်သာရှိပြီး မိုးရေချိန် (၆)လက်မသာ ရှိပါတယ်.."ဟု စိုက်ပျိုးရေးဦးစီးဌာန ၊တာချီလိတ်ခရိုင် ဦးစီးမှူးဦးလှဝင်းမှ ရှင်းပြသည်။

"ဒီတော့ ကျွန်တော်တို့ အခု ဇူလိုင်လ မိုးရွာသွန်းမှုကို အားကိုးရပါတော့မယ် ။ တာချီလိတ်ဒေသဟာ မိုးကောင်းသောက်စနစ်ကို အဓိကထားသလို နွေစပါးကိုလည်း စိတ်ဝင်စားမှု နည်းပါးပါတယ်။အခုလို ရာသီဥတုတွေ ပြောင်းလဲဖာက်ပြန်နေချိန်မှာ မိုးကောင်းသောက်စနစ်ထက် ရေတော်မိုးတော် စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်နေပါပြီ..."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

"မိုးကတော့ ဒီနှစ်ထဲ သိသိသာသာ နည်းပါးတယ်ခင်ဗျ။ ပျိုးထောင်ပြီးမှ မိုးမရွာတော့ အခက်အခဲ ဖြစ်ရပါတယ်။ ဒီဒေသမှာက ဆင်းဧကရီ-၃ (ဒေသအခေါ် မှော်ဘီ-၃) ကို အဓိကထားစိုက် ပျိုးပါတယ်။ ဒီစပါးမျိုးက ရေမြုပ်ဒဏ် ရေငတ်ဒဏ်ကို (၁၅)ရက်အထိ ခံနိုင်တဲ့အတွက် ဇူလိုင်လ အတွင်း မိုးရွာသွန်းရင်တော့ မျှော်လင့်ချက်လေး ရှိပါသေးတယ်။ အခုတော့ တတ်နိုင်သမျှလေး ရေတင်ပြီး စိုက်နေရတာပါပဲ ။ လွန်းကျိုင်းကွင်းဖက်မှာ ဆိုရင် ရေအတွက် အချင်းချင်း စကား အခြေအတင်တောင် ပြောနေရတဲ့ အခြေအနေပါ။ မိုးဆက်ပြီး ခေါင်နေမယ်ဆိုရင်တော့ ဆည်မြောင်းဌာနကနေ လယ်တွေရေသွင်းပေးဖို့ ကူညီပေးစေလိုပါတယ်.."ဟု တောင်သူတစ်ဦးမှလည်း ၄င်း၏ အခက်အခဲကို ရင်ဖွင့်သည်။

"တာချီလိတ်မြို့နယ် အတွက် ၂၀၁၅ခုနှစ် မိုးစပါးစိုက်ရာသီ လျာထားတာကတော့ မိုးကောင်းသောက်လယ် (၁၇၁၆၄)ဧက ၊ ရေတော်မိုးတော် (၁၉၈၈)ဧကနဲ့ အခြား ယာနဲ့တောင်ယာ အပါအ၀င် (၂၉၆၅၀)ဧကပါ ။ ယခုအချိန်အထိ စိုက်ပျိုးပြီးတာကတော့ လယ် (၁၃၆၃)ဧက ၊ တောင်ယာ (၃၅၅)ဧက ၊ ယာ(၈၇)ဧကဖြစ်ပါတယ်။ မိုးရွာသွန်းမှု နည်းပါးတဲ့အတွက် ကျွန်တော်တို့ အနေနဲ့လည်း နေ့စဉ်ကွင်းဆင်းပြီး တောင်သူတွေရဲ့ အခက်အခဲကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းဖို့လိုပါတယ်။ မရွာရင်တော့ ပျိုးထောင်ပြီးသားတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဌာနအနေနဲ့ကတော့ တောင်သူတွေအတွက် မျိုးထောက်ပံ့ပေးဖို့ အရန်သင့် စုဆောင်းထားပါတယ်။ တာချီလိတ်ဒေသရဲ့ မိုးစပါးရာသီကတော့ သြဂုတ်လကုန်ခန့်မှ ထွန်တုံးပိတ်တာဖြစ်တဲ့ အတွက် အချိန်မီမိုးရွာသွန်းရင် ဆုံးရှုံးမှုနည်းပါးမှာပါ...." ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်မှ ဆက်လက်ရှင်းပြသည်။

တာချီလိတ်ခရိုင်အတွင်း မိုးစပါး စိုက်ရာသီအတွက် မိုင်းယောင်းမြို့နယ်တွင် (၄၂၈၈၀)ဧက ၊
မိုင်းဖြတ်မြို့နယ်တွင် (၁၆၆၁၉)ဧက နှင့် တာချီလိတ်မြို့နယ်အတွက် ၂၉၆၅၀ ဧကတို့အား လျာထား စိုက်ပျိုးလျှက်ရှိရာ မိုင်းယောင်းနှင့် မိုင်းဖြတ်မြို့နယ်များတွင် မိုးရွာသွန်းမှု ပုံမှန်ရှိသည့် အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအား ပုံမှန်ဆောင်ရွက်နိုင်လျှက်ရှိသော်လည်း တာချီလိတ်မြို့နယ်မှာမူ မိုးရွာသွန်းမှု နည်းပါးနေသည့် အတွက် ဒေသခံတောင်သူများမှာ မိုးကိုမျှော်နေကြကြောင်း သိရှိရပါသည်။

သတင်း။   ။ မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~