ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ်တွင် ဆိုင်ကယ်များအား ကျပ် (၁၀၀၀) ကောက်ခံမှုအပေါ် ပြည်သူများ ညည်းတွား

ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ်တွင် ဆိုင်ကယ်များအား ကျပ် (၁၀၀၀) ကောက်ခံမှုအပေါ် ပြည်သူများ ညည်းတွား
ဧပြီ 3, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ အမှတ်(၁)ချစ်ကြည်ရေး တံတားပေါ်တွင် နေ့စဉ် ယာဉ်မျိုးစုံ
ဖြတ်သန်း သွားလာမှုပြုရာတွင် မည်သည့်ယာဉ်များကိုမဆို ကညန မှ ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ (၁)ရက်လျှင် (၁၀၀၀)ကျပ်ဖြင့်ကောက်ခံသည့်အတွက်  မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားလာနေကြသည့် ပြည်သူများ အနေဖြင့်  ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြောင်းလဲ ကျင့်သုံးလိုက်သည့် ယာဉ် ဖြတ်သန်းခကြောင့် အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

( အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ် မြန်မာဖက် ။ ဓါတ်ပုံ မောင်ယဉ်ကျေး )

"ကျွန်တော်က မယ်ဆိုင်မြို့မှာ အလုပ်သွားရောက် လုပ်ကိုင်နေသူပါ၊ လစာက ဘတ်ခြောက်ထောင်
လောက် ရရှိပါတယ်။ မယ်ဆိုင်ကို သွားရောက် အလုပ်လုပ်ကိုင်ရာမှာ အရင်ကတော့ သိပ် အခက်အခဲ မရှိပါဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပြီး ဆိုင်ကယ်ဖြတ်သန်းခတွေ တိုးမြှင့်လိုက်တဲ့ အတွက် အတော်လေး ကျပ်တည်းသွားခဲ့ပါတယ်။ တစ်ရက်တာ ကုန်ကျစရိတ်အနေနဲ့ ယာယီ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်က (၅၀၀)ကျပ် ၊ နယ်စပ်ဖြတ်သန်းခက (၅၀၀)ကျပ် ၊ မြန်မာဖက်က ဆိုင်ကယ်တစ်စီး ဖြတ်သန်းခ တစ်ထောင်ကျပ် ၊ ထိုင်းအ၀င်မှာက (၁၀)ဘတ် (မြန်မာငွေ ၃၀၀ကျပ်ခန့်) ၊ ဆိုင်ကယ်ခက (၁၀)ဘတ် ၊ စုစုပေါင်း တစ်ရက်တာကို ဘတ်ရှစ်ဆယ်လောက် ကုန်ကျပါတယ်။ တစ်လကို ပျမ်းမျှ (၂၄၀၀)ဘတ်လောက် ရှိပါတယ်။ ကျွန်တော်ရရှိတာက တစ်လမှ ၆၀၀၀ကျော်ဆိုတော့ လစာ တစ်ဝက်နီးပါးဖြစ်နေပြီလေ.."ဟု တာချီလိတ်မှ တဆင့် မယ်ဆိုင်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးမှ ရင်ဖွင့်သည်။

"ကျွန်တော်က မော်တော်ယာဉ်နဲ့ ဖြတ်သန်းသွားလာတာပါ၊ မော်တော်ယာဉ် ကောက်ခက လည်း
တစ်ထောင်ကျပ်ပါပဲ ၊ ကျွန်တော်တို့လို လုပ်ငန်းရှင်တစ်ဦး အနေနဲ့ မထောင်းတာပေမယ့်လည်း လက်လုပ်
လက်စားသမားလေးတွေ အတွက်တော့ အတော်များတဲ့ ပမာဏပါ၊ မော်တော်ယာဉ်တောင် တစ်ထောင်ကျပ်ပဲ ကောက်တာ ၊ ဆိုင်ကယ်လည်း တစ်ထောင်ကျပ်ပဲ ဆိုတော့ ပြန်သုံးသပ်စေချင်ပါတယ်။ ဥပမာ ငါးရာကျပ် လောက်ဆိုရင် နည်းနည်းတော်သေးတာပေါ့ဗျာ ၊ အခုကောက်တဲ့ငွေဟာ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာဆိုတာ မှန်ပါတယ်။ သို့သော်လည်း ဆိုင်ကယ်တစ်စီးအတွက် ကောက်ခံမှုကတော့ အလွန်များပြားနေပါတယ်။ နိုင်ငံတော်အနေနဲ့ သာမာန်လက်လုပ်လက်စား ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ဒီကောက်ခံမှု အပေါ်ပြန်ပြီးသုံးသပ်ပေးစေချင်ပါတယ်.." ဟု လက်ဖက်လုပ်ငန်းရှင် တစ်ဦးမှလည်း ကရုဏာ စကားဆိုသည်။

"အရင်ကတော့ ဆိုင်ကယ်တစ်စီးကို ကျပ်တစ်ရာပဲ ကောက်ခံတာပါ ၊ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် နိုဝင်ဘာ
လဆန်းကစပြီး စနစ်သစ်အရ တစ်ထောင်ကျပ်ကောက်ခံပါတယ်။ ငွေပမာဏ များပြားသွားတဲ့အတွက် တချို့ ကလည်း ဌာနအပေါ် အမြင်လွဲမှားမှုတွေ ဖြစ်တယ်၊ တချို့ကျတော့လည်း ပေးဆောင်ရမယ့် ငွေများပြားနေတော့ မပေးဆောင်ပဲ ဆိုင်ကယ်ကိုမောင်းပြေးတာတွေရှိတယ်။ ကျွန်တော်တို့ကလည်း နိုင်ငံတော် ဘဏ္ဍာငွေဖြစ်နေတဲ့ အတွက် မပေးဆောင်တဲ့ ဆိုင်ကယ်တွေကို လိုက်လံတားဆီးရတာတွေ စကားအခြေအတင် ပြောရတာတွေလည်း ရှိနေပါတယ်..."ဟုသက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးမှလည်း ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

သို့ဖြစ်ပါသောကြောင့် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် ဆိုင်ကယ်ဖြတ်သန်းခ
တိုးမြှင့်လိုက်ခြင်း အတွက် ပြည်သူများ အနေဖြင့် အခက်အခဲအချို့နှင့် ရင်ဆိုင် ကြုံတွေ့နေရပါသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပြည်သူများအပေါ် ငဲ့ညှာသော အားဖြင့် ပြန်လည်သုံးသပ်ပေးနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။

သတင်း။   ။ မောင်ယဉ်ကျေး

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~