ဟိုမိန်းဆိုင် သာရေး/နာရေး အသင်းမှ တာချီလိတ်၌ နွေရာသီသင်တန်းအဖြစ် ရှမ်းစာပေ သင်ကြားပေး

ဟိုမိန်းဆိုင် သာရေး/နာရေး အသင်းမှ တာချီလိတ်၌ နွေရာသီသင်တန်းအဖြစ် ရှမ်းစာပေ သင်ကြားပေး
မတ် 10, 2015
By Tachileik News Agency

နွေရာသီကျောင်းပိတ်ရက် ကာလတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ၀မ်မိုင်ရွာ မူလတန်းကျောင်း၌ ရှမ်းစာပေသင်ကြားလိုသူများကို ဟိုမိန်းဆိုင် သာရေး/နာရေး အသင်းမှ သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အဖွဲ့အနေနဲ့ ကလေးတွေကို ရှမ်းစကား၊ စာပေနဲ့ ယဉ်ကျေးမှုတွေကို ကလေးတွေသိစေချင်၊ တတ်စေချင်လို့ အဓိက သင်ကြားပေးနေပါတယ်..”ဟု ရှမ်းစာပေ စာသင်ကြားပေလျက်ရှိသော ဟိုမိန်းဆိုင် သာရေး/နာရေး အသင်းမှ ကိုစိုင်းကွမ်းခမ်းမှ ပြောသည်။

ဟိုမိန်းဆိုင် သာရေး/နာရေး အသင်းသည်  သာရေး၊ နာရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး လက်ရှိ တွင် ရှမ်းစာပေသင်ကြားပေးရာမှာ  သင်ကြားရေး ဆရာ၊ ဆရာမ အမာခံ အနေဖြင့် (၄)ဦးရှိပြီး ကျောင်းသားဦးရေမှာ (၈၀)ကျော်ရှိသည့်အပြင် သင်ကြားလိုသူများကိုလည်း  ဆက်လက် လက်ခံ၍ သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။

“ရှမ်းလူမျိုးတိုင်း ရှမ်းစာကို မတတ်ကြဘူး၊ စကားဆိုရင် တစ်ချို့မပြောတတ်တာတောင်ရှိတယ်၊ ဒါမျိုး နွေရာသီအချိန်မှာ ကလေးတွေ အတွက် စာပေနဲ့ စကားသင်တန်းကို ဖွင့်လှစ်ပေးတာ အနာဂတ်အတွက် ကောင်းတာပေါ့”ဟု ဒေသခံ ကိုစိုင်းပီးမှပြောသည်။

အဆိုပါသင်ကြားမှုအား ၂၀၁၅ခုနှစ် မတ်လ(၉)ရက်နေ့မှ မေ(၉)ရက်နေ့အထိ (၂)လတိတိ သင်ကြားပေးမှာဖြစ်ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များသာ ပိတ်မည်ဖြစ်ရာ နေ့စဉ် သင်ကြားပေးမှုအဖြစ် တစ်ရက်လျှင် (၂)ချိန်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ရှမ်းလူမျိုး ကလေးများ သာမက စိတ်ဝင်စားသူ မည်သည့် တိုင်းရင်းသားမဆို လာရောက် သင်ယူနိုင်မှာဖြစ်ကြောင်း ဟိုမိန်းဆိုင် သာရေး/နာရေးအသင်းမှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~