တာချီလိတ်တပ်နယ်နှင့် ခရိုင်စိုက်ပျိုးရေးတို့ စိုက်ပျိုးသည့် ပုလဲသွယ်စပါး ဖြစ်ထွန်း

တာချီလိတ်တပ်နယ်နှင့် ခရိုင်စိုက်ပျိုးရေးတို့ စိုက်ပျိုးသည့် ပုလဲသွယ်စပါး ဖြစ်ထွန်း
အောက်တိုဘာ 29, 2014
By Tachileik News Agency

တာချီလိတ်တပ်နယ်မှ တပ်မတော်စစ်သည်မိသားစုများ သက်သာချောင်ချိရေးအတွက် တာချီလိတ်တပ်နယ်နှင့် တာချီလိတ်ခရိုင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း တို့ ပူးပေါင်းစိုက်ပျိုးခဲ့ကြသည့် ၂၀၁၄ - ၂၀၁၅ ခုနှစ် မိုးစပါး အထူးအထွက်တိုး ပုလဲသွယ်စပါး စံကွက်ရိတ်သိမ်းမှုကို ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၂၉)ရက် နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

အဆိုပါရိတ်သိမ်းမှုတွင် တာချီလိတ်တပ်နယ်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် အရာရှိ၊ အရာခံ စစ်သည်/ ရဲမေများ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာချီလိတ်ခရိုင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ခရိုင်​မန်​​နေဂျာ ဦးလှဝင်းနှင့် စိုက်ပျိုးရေး အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်လာခဲ့ကြတာကို တွေ့ရသည်။

ရိတ်သိမ်းမှုများ မပြုလုပ်မီတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပုလဲသွယ် စပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး၊ တာချီလိတ်ခရိုင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ခရိုင်​မန်​​နေဂျာ ဦးလှဝင်း မှ ထပ်မံ ရှင်းလင်းပြောကြားပြီးနောက် စပါးရိတ်သိမ်းမှုများကို လိုက်လံကြည့်ရှုပြီး စပါးထွက်ရှိမှုနှင့် စပါးအထွက်နှုန်းများကို စမ်းသပ်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ခရိုင်​မန်​​နေဂျာ ဦးလှဝင်းအား အမှတ်တရ လက်ဆောင်ပေးအပ်ကာ ရိတ်သိမ်းပွဲအား ပြီးမြောက်စေခဲ့ကြသည်။

ယခု စပါးရိတ်သိမ်းသည့် လယ်ဧကသည် ဧကအားဖြင့် (၁၅)ဧကရှိပြီး ပုလဲသွယ်စပါးအား ယခုရာသီတွင် ပထမအကြိမ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

ယနေ့ ရိတ်သိမ်းရာတွင် စံနမူနာအဖြစ် အကျယ်(၆.၆)ပေရှိ စပါးများအား ရိတ်သိမ်း၍ အရည်အသွေးများကို စမ်းသပ်ရာ ပျမ်းမျှအားဖြင့် အစိုတင်း ၁၅၂.၃၀ရာခိုင်နှုန်း နှင့် အခြောက်တင်း ၁၄၄.၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လယ်ဧက(၁၅)ဧကတွင် ပုလဲသွယ်စပါးများကို စိုက်ပျိုးရန်အတွက် ရက်ပေါင်း (၁၂၀)ကျော် အသုံးချခဲ့ရပြီး တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းကိုးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာ၊ မိုင်းဖုန်းကျေးရွာအုပ်စု(က/ခ)၊ ၀မ်လုံးကျေးရွာအုပ်စု နှင့် မိုင်းဟဲကျေးရွာအုပ်စုတို့တွင်လည်း ၂၀၁၄ - ၂၀၁၅ ပုလဲသွယ်စပါးများကို စိုက်ပျိုးထားကြလျက်ရှိသော်လည်း ယခု တာချီလိတ်တပ်နယ်မှ စိုက်ပျိုးသည့် ပုလဲသွယ်စပါး ဧကသည် အများဆုံးဖြစ်ကြောင်းနှင့် ယခုစိုက်ပျိုးသည့်နေရာတွင် ယခင်က ပုလဲသွယ်စပါးအား စိုက်ပျိုးခဲ့ခြင်းမရှိသေးဘဲ ပထမအကြိမ်အဖြစ် စမ်းသပ် စိုက်ပျိုးသည့်အခါမှာ အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်တပ်နယ်နှင့် ခရိုင်စိုက်ပျိုးရေးတို့ စိုက်ပျိုးသည့် ...

66 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~