လူငယ်များ နဲ့ ဥပဒေ ဘေးမဲ့ဖြစ်နေတဲ့ ကော်ရှုမှု

လူငယ်များ နဲ့ ဥပဒေ ဘေးမဲ့ဖြစ်နေတဲ့ ကော်ရှုမှု
သြဂုတ် 30, 2014
By Tachileik News Agency

တာချီလိတ်မြို့ရဲ့ နေ့ခင်းနေ့လယ် နေသာတဲ့ နေ့တစ်နေ့မှာပေါ့ တခြား မြို့သူ/သားတွေရဲ့ ထုံစံအတိုင်း ရွှေတိဂုံဘုရားပေါ်တက် အအေးသောက်၊ ခေါက်ဆွဲချပ်စားမယ်ဆိုပြီး ကျွန်တော်ထွက်လာခဲ့တယ်။

လူငယ်များ နဲ့ ဥပဒေ ဘေးမဲ့ဖြစ်နေတဲ့ ကော်ရှုမှု

ရွှေတိဂုံဘုရား ရင်ပြင်ပေါ်လည်းရောက်ရော ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အမောစို့သွားတယ်ဗျာ။ လူငယ်လေး (၃)ယောက်လောက် ပလပ်စတစ်အိတ် အပေါက်ဝကို နှာခေါင်းနားတေ့ပြီး “ကော်”ရှုနေကြတာဗျ ကောင်လေးတစ်ယောက်ကျတော့ ကော်ဘူး အဖုံးအပိတ်ကို ဗူးဖင်မှာ ပွတ်ရင်းရှူနေတာတွေ့ရတယ်... သူတို့ကြည့်ပြီး ကျွန်တော် အထက်တန်းကျောင်းသားဘ၀ကို ပြန်တွေးမိတယ်ဗျာ.......

ဟုတ်ပါတယ် ကျွန်တော်လည်း လူငယ်သဘာဝ အသစ်အဆန်းဆိုတော့ စမ်းမိပါတယ်။ စမ်းသပ်ရတဲ့ အကြောင်းကလည်း ရှိတယ်ဗျ။ ကော်ရှုတဲ့ သူငယ်ချင်းတွေ ပြောစကားအရ ကော်ရှူရင်း ကောင်းကင်က“လ”ဆွဲတာတို့၊ တိုက်ကြီးပြောင်းပြန်လုပ်တာတို့၊ ကျွန်တော်တို့ ငယ်ငယ်က ဂိမ်းထဲကလို ပါဝါတွေ ထုတ်တာတို့၊ စသည်ဖြင့်ပေါ့ ကျွန်တော်လည်း အဲ့လောက်ပြောမှတော့ ဆယ်ကျော်သက်အရွယ် အသစ်အဆန်းဆို စမ်းချင်တာနဲ့ စမ်းကြည့်ပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလည်း ဆိုင်ကယ်ဘီးဖါတဲ့ ကော်အနံ့ ရှူဖူးမှာပါ ပြင်းရှရှ အနံစူးစူး၊ အဲ့ဒီအနံကို အဆုတ်တစ်ခုလုံး ပြည့်အောင်ရှူပြီး အောင့်ထားလိုက်တာ (၃)(၄)ခေါက်ဆိုရင်ဘဲ ခေါင်းတွေမူးဝေလာပြီး ပုံမှန်စိတ်ပျောက်သွားတယ်ဗျာ၊

ကျွန်တော်အားလုံးကိုမေ့သွားတာ၊ သတိမေ့သွားတာထက် သတိလစ်သွားတာဆို ပိုမှန်မယ်။ကျွန်တော်ရေမြောင်းထဲ ခေါင်းငိုက်စိုက်ပြီး သတိလစ်သွားတာဗျ အနားမှာရှိတဲ့ သူငယ်ချင်းတွေက ဒီကောင်သေပြီ ထား ထားလိုက်တဲ့၊ အဲ့ဒီမှာ သူငယ်ချင်းတစ်ယောက်က ဟာမဟုတ်ဘူး တကယ်မသေဘူး ဆိုပြီး ရေမြောင်းထဲက ပြန်ဆယ်လိုက်လို့ အခုအချိန်ထိ အသက်ရှင်နေသေးတာပါဗျာ။

အဲ့ဒီနောက်ပိုင်း ကျွန်တော် တော်တော်ကြောက်သွားရော၊ နောက်နေ့တွေမှာ ခေါင်းမူး၊ လည်ချောင်းနဲ့ အာခေါင်တွေမှာ ပြင်းရှရှကော်နံ့တွေနဲ့ ထမင်းစားလို့ မကောင်းနဲ့ တော်တော်ခံစားရခက်တဲ့ အရသာဗျ....။ ကော်ရှူလို့ သူများပြောတဲ့ ပါဝါရလား မရလားတော့မသိဘူး ပုံမှန်စိတ်ပျောက်ဆုံးသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို သတိမထားမိတော့ တာသေချာတယ်။

အခုဘုရားပေါ်မှာ ကျွန်တော်မြင်ရတဲ့ ကလေးတွေအနား သွားကြည့်လိုက်မိတော့ ရယ်တဲ့သူက ရယ်လို့ သစ်ပင်ကြီးကြည့်ပြီး လက်နဲ့ တရုတ်ကားထဲကလို ပါဝါထုတ်တဲ့ပုံနဲ့ လုပ်သူကလုပ်နဲ့ သူတို့ကို သူများကြည့်နေတာလဲ ဂရုမစိုက်ဘူး။ ကျွန်တော်ခေါင်းတစ်ခါခါနဲ့ အအေးတောင်မသောက်ဘဲ ပြန်ဆင်းလာခဲ့တယ်။ နောက်မှာ အတွေးတွေနဲ့လေ။

ကော်ရဲ့အနံ့စူးစူးနဲ့အတူ ဓါတုဗေဒပစ္စည်းတွေက ရှူသွင်းလိုက်တဲ့လေနဲ့ အဆုတ်ထဲဝင်သွားပြီး အဆုတ်နံရံတွေပေါ်က သွေးကြောထဲရောက် အဲ့ဒီက တဆင့် နှလုံး၊ ဦးနှောက်ရောက်ပြီး လူကို ထုံထိုင်းမူးယစ်သွားစေပြီး စိတ်ကူးမိသမျှကို အာရုံမှာ ထင်ဟပ်စေတာပါ။ အမှန်တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်မှုပေါ့။

ဓါတုဗေဒ ပစ္စည်းတွေ အဆုတ်ထဲ၊ ဦးနှောက်ထဲ ရောက်သွားမှတော့ ဒီကလေးတွေရဲ့ အဆုတ်တွေ၊ ဦးနှောက်တွေ ဘယ်လောက်များ ပျက်စီးသွားမလဲ၊ တကယ်လို့ သူတို့ စိတ်ကူးယဉ် ရူးသွပ်မှုဟာ ရာဇ၀တ်မှု တစ်ခုဖြစ်ဖို့ ဦးတည်မိရင် ဘယ်အထိ အကျိုးသက်ရောက်နိုင်မလဲ၊ မတော်တဆ တစ်ဦးကိုတစ်ဦး ပါဝါထုတ်တယ်ဆိုပြီး သေစေနိုင်တဲ့ အရာဝတ္ထုတစ်ခုနဲ့သာ ရိုက်မိရင် ငယ်ရွယ်တဲ့ဘ၀ အဆုံးသတ်ပြီ။ သူတို့ခဏတာ အပျော်ရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိအောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ကံကြမ္မာတွေရှိမယ်ဆိုတာ ဘယ်သူမှကြို မသိနိုင်ဘူးလေ။

ကျွန်တော် သက်ပြင်း ခါခါရှိုက်ရင်းနဲ့။ ကျွန်တော်ကြားကြားနေရတယ် ရန်ကုန်လို မြို့တော်ကြီးတွေမှာတောင် “ကော်”ရှူတာတွေ ရှိလာပြီဆိုဘဲ။ ပလပ်စတစ်ကောက်တဲ့ လေလွင့် လူငယ်လေးတွေနဲ့ ဆန္ဒနဲ့ ဘ၀လက်တွေ့ မကျတဲ့လူငယ်တွေဟာ လောကဓံတရားကို ခံနိုင်ဖို့ သူတို့ဖြစ်ချင်တဲ့ ဆန္ဒနဲ့ စိတ်ဓါတ်တွေ “ကော်”ရှူခြင်းနဲ့ ပုံဖေါ်ပြီး ဖြည့်ဆည်းနေခြင်းလား မသိဘူးဗျာ....။ ဒီအယူအဆနဲ့ လုပ်ဆောင်မှုသာ လူငယ်တွေကြားထဲ ပိုမိုရေပန်းစား(Hit)ဖြစ်လာရင်တော့ မိဘတွေ အတွက်တော့ ရင်လေးစရာပါလား။

“ကော်”ရှူတယ်ဆိုတာ ပုဒ်မတပ်ပြီးဖမ်းရအောင် မူးယစ်ဆေးဝါးလဲမဟုတ်၊ လွယ်လင့်တကူ ၀ယ်ယူ စမ်းသပ်လို့ရနေတဲ့ အရာဆိုတော့ တော်တော် ကိုင်ရတွယ်ရခက်တဲ့ အရာပါလား၊ ကျွန်တော်တို့မှာ တစ်နည်းဘဲရှိတော့တယ် “ကော်”ရှူခြင်းဟာ မကောင်းတဲ့အကြောင်းကို ပညာပေးဖို့ နည်းလမ်းတွေရှာပြီး ငယ်ရွယ်တဲ့ လူငယ်တွေကို မှန်ကန်တဲ့ လမ်းမှန်ရွေးနိုင်ဖို့ ရွေးတတ်ဖို့ နည်းပေးလမ်းပြ လုပ်ပေးရုံက လွဲပြီး တစ်ခြားဘာမှ မရှိနိုင်ဘူးလေ။

ဒါကြောင့်မို့လဲ ကျွန်တော်ကိုယ်တိုင် ငယ်ရွယ်စဉ်က စမ်းသပ်ခဲ့တဲ့ အကြောင်းကို မကောင်းတဲ့အကြောင်းကို ထည့်သွင်းရေးသားတာပါ။ ကျွန်တော်တို့မြို့လေးကို အနာဂါတ်မှာ လှပစေချင်တယ်ဆိုရင် နောင်မျိုးဆက်သစ်ဖြစ်မယ့် လူငယ်လေးတွေကို လမ်းမှားမရောက်အောင် ကျွန်တော်တို့ မြို့လေးက အစွမ်းရှိတဲ့ သူလေးတွေအတွက် အစထုတ်ပေးနိုင်အောင် (Human Resource) လို့ခေါ်တဲ့ လူသား အရင်းအမြစ်တွေ မပျောက်သွားရအောင် ကျွန်တော်တို့ ပုခုံးပေါ်ကျရောက်လာပြီလေ။

ကဲ....... ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ.....

ဆောင်းပါး ။    ။ မင်းသုတ
ကာတွန်း ။   ။ ဇောင်းညီ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~