လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်ယူသွားသည့် လူငယ်တစ်စုအား ၃နာရီအကြာတွင် ဖမ်းဆီးရမိ

လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်ယူသွားသည့် လူငယ်တစ်စုအား ၃နာရီအကြာတွင် ဖမ်းဆီးရမိ
ဇူလိုင် 1, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်(၁)ရက် နံနက်(၃း၄၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အပိုင် ဇန်းမွန်အာခါဟိုတယ် အနီးရှိ တဲတစ်တဲတွင် လူငယ်များရန်ဖြစ်ပြီး လူငယ်တစ်စုမှာ ဆိုင်ကယ်ထားခဲ့၍ ထွက်ပြေးရာမှ ကျန်ရှိသည့် လူငယ်တစ်စုမှ ဆိုင်ကယ်အား မောင်းယူသွားသည့်အတွက် ရဲတပ်ဖွဲ့မှ  အချိန်(၃)နာရီအတွင်း လိုက်လံရှာဖွေ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင် ၀မ်မိုင်ရွာတွင် နေထိုင်သူ စိုင်းအောင်ဟိန်းထွေး ပါဝင်သည့် လူငယ်(၅)ဦးတို့သည် ဇွန်လ(၃၀)ရက် ညတွင် ၎င်းမွေးနေ့အဖြစ် သူငယ်ချင်းများနှင့် နေအိမ်တွင် အသားကင်စားကြပြီးနောက် တံတား(၂)သို့ ည(၁၀း၃၀)နာရီအချိန်တွင် သွားရောက်၍ ထပ်မံစားသောက်ပြီး ဇူလိုင်လ(၁)ရက်နေ့သို့အကူး နံနက်(၃)နာရီအချိန်တွင် ၎င်းတို့(၅)ဦးသည် အိမ်သို့ ဆိုင်ကယ်(၃)စီးဖြင့် ပြန်လာစဉ် ဇန်းမွန်အာခါဟိုတယ် အနီးသို့ အရောက်တွင် ရုတ်တရက် မိုးရွာလာသည့်အတွက် အနီးအနားရှိ တဲတွင် မိုးဝင်ခိုကြသည်။


ထိုသို့ မိုးဝင်ခိုနေစဉ် တဲအတွင်း၌ မောင်ပိုင် ဆိုသူနှင့် အဖော်(၂)ဦးတို့ အရက်သောက်နေကြပြီး မောင်ပိုင်မှ အရက်သွားဝယ်မည်ဟု ပြောကာ မောင်ပိုင်းနှင့်အဖော်တစ်ဦးတို့သည် အရက်သွားဝယ်နေကြစဉ် စိုင်းအောင်ဟိန်းထွေး တို့ (၅)ဦးသည်လည်း အဆိုပါ တဲအနီးသို့ သွားရောက်၍ ဘီယာသောက်စဉ် မောင်ပိုင်မှ ရောက်ရှိလာပြီး စကားများရာမှ  ခိုက်ရန်ဖြစ်ပွားတာဖြစ်ကြောင်း တာချီလိတ်မြို့နယ်ရဲစခန်းမှ အမှုစစ် ရဲအုပ်ဝင်းဌေးစိုး၏ စစ်ဆေးချက်အရ သိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားရာတွင်  စိုင်းအောင်ဟိန်းထွေး နှင့် အဖွဲ့သည် ပေါက်ပြဲဒဏ်ရာ ရရှိပြီး ထွက်ပြေးရာမှာ  စိုင်းအောင်ဟိန်းထွေး ၏ ဆိုင်ကယ်မှာ အဆိုပါနေရာတွင် ကျန်ရှိနေခဲ့ကြောင်း နှင့် ထိုသို့ ဆိုင်ကယ်ကျန်ခဲ့သည်ကို မောင်ပိုင်တို့နှင့် အဖွဲ့မှ ဆိုင်ကယ်အား မောင်းယူသွားသည့်အတွက် မောင်ပိုင်တို့အဖွဲ့အား တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ (၃)နာရီအတွင်း အသိသေသက်များနှင့်အတူ လိုက်လံရှာဖွေစုံစမ်းရာ နံနက် (၆)နာရီ ၀န်းကျင်တွင် မောင်ပိုင်တို့အဖွဲ့အား ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသော မောင်ပိုင်နှင့်အဖွဲ့အား တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၁၄၀/၂၀၁၄ ပြစ်မှုပုဒ်မ - ၃၂၅ / ၃၇၉ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~