တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် တရုတ်ဘုံကျောင်းလမ်း အမြန်ဆုံးပြုပြင်ရန် လိုအပ်နေ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် တရုတ်ဘုံကျောင်းလမ်း အမြန်ဆုံးပြုပြင်ရန် လိုအပ်နေ
ဇွန် 14, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်ပြီး မကြာသေးမီကာလက ပါလျှံရပ်ကွက်အမည်မှ အမည်ပြောင်းလဲထားသည့် ရန်အောင်မြေရပ်ကွက်၊ တရုတ်ဘုံကျောင်းလမ်းသည် ယခု မိုးကျကာလတွင် လမ်းများမှာ ချိုင့်ခွက်များဖြင့် ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ညအခါ လမ်းမီးချို့တဲ့မှု နှင့်အတူ လမ်းပျက်စီးမှုတို့ကြောင့် ယာဉ်များ တိမ်းရှောင်သွားလာရာမှ ယာဉ်တိုက်မှုများလည်း အဆိုပါနေရာတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် အဆိုပါ လမ်းအား သက်ဆိုင်ရာမှ အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ ထင်သာမြင်သာ ပြုပြင်စရာအဖြစ် ဖော်ပြလိုက်ပါသည်။

အဆိုပါလမ်းသည် ရန်အောင်မြေရပ်ကွက်ထဲသို့ ၀င်ရောက်ရန်အတွက် သွားလာရသော ပင်မ လမ်းကြောင်းဖြစ်ပြီး ထိုလမ်းမှတဆင့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နှင့် ဈေးသို့ သွားသော လမ်းဖြစ်ရာ လမ်းပျက်စီးမှုများကြောင့် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် သက်ကြီးရွယ်အိုများအတွက် သွားလာရာ နှောင့်နှေးစေတာကို တွေ့ရှိရသည်။

"ဒီလမ်းကိုတော့ အမြန်ပြင်သင့်နေပါပြီဗျာ၊ ညနေဘက် အလုပ်သမားတွေ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့ သွားလာနေတာ၊ ချိုင့်ခွက်တွေကို ရှောင်ရင်းနဲ့ ယာဉ်တိုက်မှုတွေကလည်း ခဏခဏဖြစ်တယ်"ဟု ရန်အောင်မြေရပ်ကွက်အတွင်းရှိ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်Taxi ပြေးဆွဲသူ တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"တာချီလိတ်မြို့မှာ ပြုပြင်စရာလမ်းတွေက များတယ်၊ နိုင်ငံတော်ကလည်း ဘတ်ဂျက်အနေနဲ့ ချပေးတဲ့အခါမှာ လုံလောက်တဲ့ အနေအထားမျိုး ချပေးသင့်တယ်၊ မလုံမလောက်ပဲ ချပေးတော့ ဒီလိုလမ်းတွေက ခဏလေးနဲ့ ပြန်ပျက်မှာပေါ့.."ဟု မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဝင်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ယခု ဖော်ပြပါ ပုံများသည် ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့ ညနေပိုင်း အချိန်က မြင်တွေ့ရသော ပျက်စီးယိုယွင်းနေသည့် ရန်အောင်မြေရပ်ကွက် တရုတ်ဘုံကျောင်းလမ်းမကြီးပဲဖြစ်ပါသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~