တာချီလိတ်၌ ဆိုင်ကယ်များကို သူခိုးလက်ခံ ပုံဖျက်ရောင်းချပေးသူ နှင့် သော့အတုဖြင့် ဆိုင်ကယ်ခိုးသူ ဖမ်းမိ

တာချီလိတ်၌ ဆိုင်ကယ်များကို သူခိုးလက်ခံ ပုံဖျက်ရောင်းချပေးသူ နှင့် သော့အတုဖြင့် ဆိုင်ကယ်ခိုးသူ ဖမ်းမိ
ဇွန် 23, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး လူမျိုးပေါင်းစုံ ကျင်လည် ကျက်စားနေသည့်အပြင် အိမ်တွင်းပစ္စည်းများ နှင့် ဆိုင်ကယ်ခိုးမှုများ ဖြစ်ပွားသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ရာမှ ဇွန်လ(၂၁)ရက်နေ့က တာချီလိတ်မြို့အတွင်း၌ ခိုးရာပါဆိုင်ကယ်များအား ပုံဖျက်၍ ပြန်လည်ရောင်းချနေသူ နှင့် သော့တုလုပ်၍ ဆိုင်ကယ်ခိုးသူတို့အား သက်သေခံ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင် ၀မ်မိုင်ရွာထဲတွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသူ ကိုစိုင်းပင်းအောင်သည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ(၅)ရက်နေ့ ညနေ(၃)နာရီခန့်  မိုးများရွာနေချိန်တွင် ၎င်း၏ ဆိုင်ကယ်မှာ ခိုးခံရမှုဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါမှာ (၂)လခန့်ကြာပြီးဖြစ်သည့် ဇွန်လ(၂၁)နေ့က အဆိုပါဆိုင်ကယ်အား သော့တုဖြင့် ခိုးယူသည့် တရားခံအပြင် ခိုးရာပါပစ္စည်းများအား လက်ခံပြီး ပုံဖျက်ရောင်းချသူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိနိုင်ရန်အတွက် တာချီိလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း၏ ဦးဆောင် ညွှန်ကြားမှုဖြင့် နယ်ထိန်း တပ်ကြပ်ကြီး စိုးမင်းမင်း နှင့် တပ်ကြပ်ကြီး ကျော်စွာအောင် တို့မှ ၀မ်ကောင်းရပ်ကွက်၌ မောင်သန်း(အမည်လွဲ)သည် ခိုးရာပါ ဆိုင်ကယ်များအား လက်ခံပြီး ပုံဖျက်၍ ရောင်းချနေကြောင်းကို သတင်းရရှိထားသည့်အတွက် ၎င်းအား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းရာမှ တိုင်ချက်ဖွင့်ထားသည့် ဆိုင်ကယ် တစ်စီးအပါအ၀င် အခြားသော ခိုးရာပါ ဆိုင်ကယ်များအား ယခုလို ပြန်လည်ရောင်းချနေသည့် အချက်အလက်များကိုလည်း စစ်ဆေးတွေ့ရှိရချက်အရ ပြီးခဲ့သော နှစ်များက  ပျောက်ဆုံးသော ဆိုင်ကယ်များအပါအ၀င် အစီး(၄၀)၀န်းကျင်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူးကျော်သန်း၏ ပြောပြချက်အရ သိရသည်။

"အဲ့ဒီနေ့လည်က မိုးရွာနေတော့ ဂိတ်ထဲမှာ မနေတော့ပဲ အိမ်ထဲ ခဏ၀င်လိုက်တာနဲ့ ဆိုင်ကယ်က မရှိတော့ဘူး၊ ခိုးတဲ့လူက အရင်က ကျွန်တော့်ဆိုင်ကယ်ကို ငှားစီးဖူးတယ်၊ ဂိတ်ကိုလည်း ခဏခဏလာတယ်"ဟု ဆိုင်ကယ်ပိုင်ရှင် ကိုစိုင်းပင်းအောင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"အခု ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်သူခိုးက ဒီဆိုင်ကယ်ကို မခိုးခင် ဆိုင်ကယ်သမားနား ငှားစီးပြီး ဆိုင်ကယ်သော့အတု ကို တစ်ပတ်လောက်ကတည်းက လုပ်ထားပြီး အခုလို အလစ်မှာ ခိုးတာလို့ အမှုစစ်ချက်အရ သိရပါတယ်။"ဟု စခန်းမှူး ဒုရဲမှူးကျော်သန်းမှ ပြောပြသည်။

ဆက်လက်၍ စခန်းမှူး ဒုရဲမှူးကျော်သန်း က "ကျွန်တော့်အနေနဲ့ ဆိုင်ကယ်သမားတွေကို အထူးသတိပေးချင်တာကတော့ ဆိုင်ကယ်လာငှားရင် ဘယ်သူဖြစ်ဖြစ် မငှားမိဖို့လိုပါတယ်၊ မသမာသူတွေ အနေနဲ့ ဆိုင်ကယ်ကို ခဏငှားပြီး အခုလို သော့အတုလုပ်ပြီး အလစ်မှာ ခိုးသွားနိုင်သလို၊ ဆိုင်ကယ်တွေကိုလည်း ရပ်တန့်ထားတဲ့အချိန် အတွင်းမှာ သော့တန်းလန်း မချိတ်ထားဖို့ကို အထူးသတိထားဖို့ လိုပါတယ်၊ လွယ်ရင် သူကြွယ်တောင် မနေဘူး ဆိုတဲ့ စကားပုံလိုပါပဲ"ဟု အများသိရှိနိုင်ရန်အတွက် တာချီိလိတ်အွန်လိုင်းမှတဆင့် အသိပေးစကား ပြောကြားလာသည်။

ခိုးရာပါ ဆိုင်ကယ်များအား လက်ခံပြီး ပုံဖျက်၍ ရောင်းချနေသူအား လတ်တလော စစ်ဆေးရာတွင် လက်ခံ၍ ရောင်းချပေးနေသည့် ဆိုင်ကယ်စာရင်းမှာ အစီး(၄၀)၀န်းကျင်ရှိကြောင်းနှင့် ယခုဖမ်းဆီးရမိသော ဆိုင်ကယ်ခိုးသူ နှင့်  သူခိုးလက်ခံတို့အား ဆက်လက်၍ ကွင်းဆက်များ ဖော်ထုတ်နိုင်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်းအပြင် ထိုသို့ ဆက်လက်စစ်ဆေးမှုကြောင့် အခြားသော ခိုးမှုကွင်းဆက်များလည်း ပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်း စခန်းမှူး ဒုရဲမှူးကျော်သန်းမှ သုံးသပ်ပြောကြားလာသည်။

'မှုခင်းဟူသည် စိတ်ကွယ်ရာမရှိ၊ ရာဇ၀တ်ဘေး ပြေးမလွတ်၊ မှုခင်းဟူသမျှ ၀ိုင်းဝန်းကူညီကြ၊ ပြည်သူပါမှ အောင်ပွဲရ' ဆိုသလိုပဲ ရဲနဲ့ပြည်သူ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်ကြမယ်ဆိုရင် ဒုစရိုက်မှုတွေ လျော့ပါးသွားမှာဖြစ်ပြီး ဖြစ်စဉ်တွေကို အမြန်ဆုံးဖော်ထုတ်နိုင်မှာပါ"ဟု စခန်းမှူး ဒုရဲမှူးကျော်သန်းမှ  ဆက်လက်၍ ရဲနှင့်ပြည်သူ လက်တွဲ၍ ဆောင်ရွက်နိုင်ရန်အတွက်ကိုလည်း ပြောကြားလာသည်။

ယခု ဆိုင်ကယ်အား (၂)လခန့်အကြာတွင် ဖမ်းဆီးရမိသည်ဖြစ်သော်လည်း  ယခုဖြစ်စဉ်တွင် ဖမ်းဆီးရမိသော ဆိုင်ကယ်ခိုးသူ နှင့် ခိုးရာပါ ဆိုင်ကယ်များအား လက်ခံပြီး ပုံဖျက်၍ ရောင်းချသူ နှစ်ဦးတို့အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၂၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေး ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~