တာချီလိတ်မြို့ပေါ်ရှိ လမ်းနှင့်ရေမြောင်းများ ဦးစားပေး ပြင်စေလို

တာချီလိတ်မြို့ပေါ်ရှိ လမ်းနှင့်ရေမြောင်းများ ဦးစားပေး ပြင်စေလို
မေ 27, 2014
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ တဆင့် ၀င်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ အရောက်အပေါက်ရှိပြီး မြို့ပေါ်ရပ်ကွက်များပေါ်သို့ သွားလာမှုများရှိနေသည်ကို တွေ့ရှိရသည်ဖြစ်ရာ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ အနေဖြင့် ထိုသို့ သွားလာသည့် အခါမျိုးတွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်များရှိ ပျက်စီးနေသော လမ်းများ၊ ရေစီးရေလာကောင်းမွန်ခြင်း မရှိသော လမ်းများကို တွေ့မြင်သွားပါက ကဲ့ရဲ့ရှုံ့ချနိုင်ဖွယ်ရှိပြီး အဆိုပါ ရပ်ကွက်များတွင် နေထိုင်သူ ပြည်သူများအတွက်လည်း အခက်တွေ့လျက်ရှိတာကို မြင်တွေ့ရသည့်အတွက် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၁)လမ်းခွဲရှိ ခရေလမ်းတွင် လမ်း၏ အခြေအနေများ ဆိုးရွားစွာဖြစ်ပေါ်နေသည့်အတွက် ထင်သာ မြင်သာ ပြုပြင်စရာအဖြစ် ဖော်ပြပေးလိုက်ပါသည်။

( မိုးရွာတိုင်း ရေ၀င်၍ ကာဆီးထားပုံ )

တာချီလိတ်မြို့တွင် မိုးကျသော အချိန်ရောက်သည့် အခါတိုင်း၌ များသောအားဖြင့် ရေကြီးရေလျှံမှုများ အများဆုံးဖြစ်ပေါ်သည့် ရပ်ကွက်သည် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်ဖြစ်သည်။ ထိုသို့ ရေကြီးရေလျှံဖြစ်ပေါ်ရခြင်းသည် မယ်ဆိုင်ချောင်းမှ ရေလျှံမှုများကြောင့် ဖြစ်သလို ရေနုတ်မြောင်းများမှာ အမှိုက်များဖြင့် ပြည့်နေသည့်အတွက် ကောင်းစွာ မစီးဆင်းနိုင်သည်ဖြစ်ရာ ဆိုးရွားစွာ ရေလျှံမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

( ဆိုးရွားနေသည့် ပုန်းထွန်ရပ်ကွက် (၁)လမ်းခွဲ ခရေပင်လမ်း )

ယခုဖော်ပြပါ လမ်းသည် မိုးရွာသည့်အခါ၌ ရေစီးရေလာအတွက် ကောင်းစွာ စီးဆင်းနိုင်ခြင်း မရှိခြင်းကြောင်း ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များသို့ ရေများဝင်ရောက်မှု ဖြစ်ပွားရခြင်းဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်များအတွက် သွားလာမှု အလွန်ခက်ခဲကြောင်း သိရသည်။

( ရေစီးရေလာ မကောင်းမွန်သည့် မြောင်း )

ထိုသို့ မိုးကြီးရေလျှံဖြစ်ပွားသည့်အခါမျိုးတွင် မြို့သာယာလှပရေးအတွက် အမှိုက်သိမ်းဆည်းသူများမှလည်း အမှိုက်သိမ်းဆည်းမှု နောက်ကျသည့် အခါမျိုးတွင် အဆိုပါ အမှိုက်များသည် နေအိမ်တွင်းသို့ ၀င်ရောက်ခြင်း အိမ်ပေါက်ဝတွင် လာရောက်စုပြုံနေခြင်းတို့ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရသည်။

( ဆိုးရွားနေသည့် ပုန်းထွန်ရပ်ကွက် (၁)လမ်းခွဲ ခရေပင်လမ်း )
"အမှိုက်လာသိမ်းတဲ့ လူတွေက တခါတလေ သိမ်းတာ တော်တော်နောက်ကျတယ်၊ သူတို့မှာ အခက်အခဲတွေရှိတယ်ဆိုတာလည်း သိပါတယ်၊ ဒါပေမဲ့ မြို့ပေါ်ရပ်ကွက်မှာတော့ နေ့တိုင်းပုံမှန် အမှိုက်တွေကို သိမ်းပေးစေချင်တယ်၊ အဲ့လို မသိမ်းပေးတော့ မိုးရွာရင် အမှိုက်တွေက အိမ်ရှေ့မှာ လာလာစုပြုံနေသလို၊ အမှိုက်ပုံကြီးဖြစ်သွားရင် အဲ့ဒီ အမှိုက်ပုံမှာပဲ လူတွေက လာလာပြီး အမှိုက်တွေပစ်ကြတယ်၊ အဲ့ဒါကြောင့် နေ့တိုင်း ပုံမှန် အမှိုက်လာသိမ်းပေးစေချင်တာပါ "ဟု (၁)လမ်းခွဲ ခရေပင်လမ်းကြားရှိ အိမ်ရှင်မ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့  အမှိုက်ကိစ္စနှင့် ပတ်သက်၍ ပြောပြသည်။
"ရေမြောင်းက ရေစီးရေလာမကောင်းဘူး၊ အမှိုက်တွေ မြေကြီးတွေနဲ့ ပြည့်နေတယ်၊ ရေကြီးရေတက်မှု ဖြစ်လာတော့ လမ်းလည်း ဆိုးရွားလာတယ်၊ သက်ဆိုင်ရာက လာရောက်ပြုပြင်ပေးနိုင်မယ်ဆိုရင် ရပ်ကွက်ထဲက လူတွေလည်း လိုက်လုပ်လာမယ်လို့ထင်ပါတယ်"ဟု ခရေပင်လမ်းကြားရှိ ဈေးသည်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
ယခု ဖော်ပြပါ ပုန်းထွန်ရပ်ကွက် ၊ (၁)လမ်းကြားရှိ ခရေပင်လမ်းတွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်စံ သို့ ဆက်သွယ်မေးမြန်းရာ " ဒီလမ်းကို ပြင်ပြုဖို့ လျာထားချက်ထဲမှာ ပါဝင်ပါတယ်။ အခုလာမဲ့ ဇွန်လထဲမှာ စပြီး ကတ္တရာလမ်းအဖြစ် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်..."ဟု တာချီလိတ်အွန်လိုင်းသို့ ပြန်လည်ဖြေကြားလာသည်။
သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~