နမ့်ယွန်းချောင်းကို ဘယ်သူ ကယ်မလဲ ရေစီးရေလာအတွက် စိုးရိမ်ရတယ်

နမ့်ယွန်းချောင်းကို ဘယ်သူ ကယ်မလဲ ရေစီးရေလာအတွက် စိုးရိမ်ရတယ်
မေ 31, 2014
By Tachileik News Agency

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်များအား ပိုင်းခြားစီးဆင်းနေသော နမ့်ယွန်းချောင်းသည် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ၊ မြေနေရာကျူးကျော်ဆောက်လုပ်သူများကြောင့် ချောင်းဧရိယာမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာကာ မိုးသည်းထန်စွာရွာသွန်းသည့်
အခါတိုင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိပါသည်။

( ဗိုလ်ချုပ်လမ်း ဘယ်ဖက်ခြမ်းရှိ ကျူးကျော်ကွန်ကရစ်လောင်းပြီး နမ့်ယွန်းချောင်း၏ အကျယ်အ၀န်း )

ထိုသို့ရေကြီးသည့်အခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်သစ်တောဦးစီးဌာနအပါအ၀င် ဌာနဆိုင်ရာအဆောက်အဦများ၊ ရပ်ကွက်တွင်းနေပြည်သူများ၏နေအိမ်များ ရေလွှမ်းမိုးခံရကာ နှစ်စဉ်ပျက်စီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်ရလေ့ရှိပါသည်။ ထို့အတွက် နမ့်ယွန်းချောင်း ရေစီးရေလာကောင်းမွန်ရေးသည် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်ပြည်သူများတွင် တာဝန်ရှိပေသည်။

( ဗိုလ်ချုပ်လမ်း ညာဖက်ခြမ်းရှိ နမ့်ယွန်းချောင်းအကျယ်အ၀န်း )

ပြီးခဲ့သည့် မေလ (၁၃)ရက် (ကဆုန်လပြည့်နေ့)က အဆိုပါ နမ့်ယွန်းချောင်းထိပ်တွင်
တည်ဆောက်နေသော ပုဂ္ဂလိကဘဏ်တစ်ခုသည် ချောင်းအတွင်း တစ်ပေခွဲခန့်အကျယ် ၊ ပေ(၄၀)ခန့် အရှည်ရှိ ဧရိယာအား ကွန်ကရစ်လောင်းကာ ချောင်းမြေအားကျူးကျော်ချဲ့ထွင်ခဲ့ရာသက်ဆိုင်ရာသို့ အသိပေးခဲ့သော်လည်း တာဝန်ရှိသူများမှ မျက်ကွယ်ပြုကာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် ယခုအခါ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းအောင်မြင်ပြီးမြောက်နေပြီဖြစ်ကာ ကွန်ကရစ်လောင်းသည့် ဧရိယာနှင့်ပုခုံးသားများ စုစုပေါင်း (၃)ပေအကျယ်ခန့် ချောင်းဧရိယာနစ်နာဆုံးရှုံးခဲ့ရပါသည်။

သို့ဖြစ်ပါသောကြောင့် နမ့်ယွန်းချောင်းရေကြီးရေလျှံမှုဖြစ်လျှင် နစ်နာဆုံးရှုံးရမည့် အများပြည်သူအား မငဲ့ကွက်ပဲ မိမိကိုယ်ကျိုးကိုသာကြည့်ပြီးဆောင်ရွက်ခဲ့သူများနှင့် တာဝန်ရှိပါလျှက်
တာဝန်မဲ့ဆောင်ရွက်ခဲ့သော တာဝန်ရှိသူများအား လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ပါရန်
တင်ပြလိုက်ရပါသည်။

သတင်း။  ။ မာင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~