မိုင်းဖြတ်မြို့နယ် ငါးဟေကျေးရွာ၌ အိမ်ခြေ ၆၃ အိမ် မီးလောင်ကျွမ်းရာ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၃၄၉ ကျော်ရှိ

မိုင်းဖြတ်မြို့နယ် ငါးဟေကျေးရွာ၌ အိမ်ခြေ ၆၃ အိမ် မီးလောင်ကျွမ်းရာ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၃၄၉ ကျော်ရှိ
ဧပြီ 10, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နှင့် တစ်မြို့ခြားတွင် ရှိသော မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာအုပ်စု  ငါးဟေကျေးရွာတွင် ဧပြီလ (၉)ရက်၊  မွန်းလွဲ (၂) နာရီ အချိန်က
ဦးလော်တား+ဒေါ်နားဖေ့၏ နေအိမ်  မီးဖိုမီး မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ်(၆၃) အိမ် မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ( ၆၅ ) အိမ်ရှိပြီး၊  မီးလောင်ကျွမ်းသည့် အိမ်များမှာ ၀ါးသက်ကယ်အိမ် (၅၄)အိမ်၊ ပျဉ်ကာ သွပ်မိုးအိမ် ( ၅)အိမ်၊ ပျဉ်ကာ သက်ကယ်မိုး (၄)အိမ်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။  မီးလောင်ကျွမ်းမှုကြောင့် ဟာလာဆန်စက်(၁၀)လုံး၊  ဆိုင်ကယ်(၁၂)စီး၊ သုံးဘီးဆိုင်ကယ် (၄)စီး၊  လက်တွန်းထွန်စက် (၆)စီး၊ တီဗွီ (၆)လုံး ၊ (၆)ပေစလောင်း (၁)လုံး၊ စပါးတင်း (၂၇၀၀)ခန့်  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၃၄၉)သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့၍၊ ဒဏ်ရာရသူ အနည်းငယ်သာရှိပြီး ၊ သေဆုံးသူ မရှိကြောင်း သိရသည်။

ကျေးရွာတွင် အိမ်ထောင်စု  (၇၀)စု မှ မီးဘေးသင့် အိမ်ထောင်စု (၆၈)စု လူဦးရေ ကျား (၁၅၉) ဦး၊ မ (၁၆၄) ဦး စုစုပေါင်း (၃၂၃)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းရာ ကျေးရွာသို့  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ၊      မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များမှ စားသောက်ဖွယ်ရာများ၊  အ၀တ်အထည်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး၊    ဘုန်းကြီးကျောင်းနှင့် အမကကျောင်း တို့တွင်  ယာယီစခန်းများဖွင့်လှစ်ကာ  ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။        ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~