အများပြည်သူ လမ်းသွားလမ်းလာ အဆင်ပြေစေဖို့ ပလက်ဖောင်းပေါ် နေရာယူမှုများ မဖြစ်စေလို

အများပြည်သူ လမ်းသွားလမ်းလာ အဆင်ပြေစေဖို့ ပလက်ဖောင်းပေါ် နေရာယူမှုများ မဖြစ်စေလို
ဇူလိုင် 13, 2013
By Tachileik News Agency

တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းဟာ လူသွား လူလာများပြားတဲ့ လမ်းတစ်လမ်း ဖြစ်ပါတယ်။အထူးသဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီး၊ အခြေခံပညာအထက်တန်းကျောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ အပါအ၀င် ဌာနဆိုင်ရာ အဆောက်အဦများကို အဓိကသွားရောက်ကြတဲ့ လမ်းလည်းဖြစ်ပါတယ်။

{ ပလက်ဖောင်းပေါ် ပိတ်ဆို့ချထားပုံ - ဓါတ်ပုံ မောင်ယဉ်ကျေး }

ရွှေတိဂုံဘုရားလမ်း တစ်ဖက်တစ်ချက်မှာ အကျယ်(၃)ပေခန့်ရှိတဲ့ ပလက်ဖောင်းများကို သက်ဆိုင်ရာက တည်ဆောက်ပေးထားပါတယ်။ ပလက်ဖောင်းဆိုတာ ယာဉ် အန္တရာယ် ကင်းရှင်းစွာနဲ့ သွားလာနိုင်ဖို့ စီမံထားတဲ့ လူသွားလမ်းပါ။

သို့သော်လည်း ရွှေတိဂုံဘုရားလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရှမ်းရိုးမကုန်တိုက်ဆိုင်ခန်းတွေဟာ အများပြည်သူသွားလာမှုကို ထိခိုက်စေတဲ့အထိ ပလက်ဖောင်းပေါ်မှာ ဆိုင်းဘုတ်တွေ၊ အမှိုက်ပုံးတွေကို ပိတ်ဆို့ချထားတာဟာကဖြင့် နိုင်ငံကြီး သားမပီသမှုပဲလို့သုံးသပ်ရမှာပါ။

ဇူလိုင် (၁၃)ရက်နေ့က အခုလို စည်းကမ်းမဲ့စွာ ဆောင်ရွက်နေမှုကို ရပ်ဆိုင်းပေးဖို့ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လိုက်လံ မေတ္တာရပ်ခံတဲ့အခါ ခေတ္တတော့ ရုပ်သိမ်းပေးလိုက်ပြီး နောက်နာရီဝက်လောက် အကြာမှာတော့ ဒုံရင်းအတိုင်းပြန်ဖြစ်သွားတာကို တွေ့မြင်ရပါတယ်။

နိုင်ငံတော်ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီစနစ်တည်ဆောက်ရေးဟာ စည်းကမ်းရှိမှု၊ တာဝန်သိမှု တွေကို အခြေခံပါတယ်။ ဒါကြောင့် အများပြည်သူ အကျိုးကိုရှေ့ရှုပြီး ကိုယ်ကျိုးထက် အများအကျိုးကို တာဝန်သိသိဆောင်ရွက် လိုက်နာပေးကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

သတင်းပေးပို့သူ။        ။ မောင်ယဉ်ကျေး