ကျောင်းကောင်စီရွေးချယ်ပွဲအား အ.ထ.က(တာချီလိတ်)တွင် ပထမဦးဆုံး ပြုလုပ်

ကျောင်းကောင်စီရွေးချယ်ပွဲအား အ.ထ.က(တာချီလိတ်)တွင် ပထမဦးဆုံး ပြုလုပ်
ဇွန် 28, 2013
By Tachileik News Agency

"ဒီမိုကရေစီအစ ပညာသင်ကျောင်းက"၊ "ဒီမိုကရေစီအစ ကျောင်းကောင်စီက"ဖြစ်လာစေရန် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို ကျောင်းသားလူငယ်ဘ၀ကပင် လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် အဆိုပါကျောင်းအတွက် ကျောင်းကောင်စီ ရွေးချယ်တင်မြှောက်ပွဲကို ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

ကျောင်းကောင်စီရွေးချယ်ရာတွင် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား နှင့် ဗန္ဓုလအသင်းစသည့် အသင်း(၅)သင်းမှ တစ်သင်းလျှင်(၄)ဦး စုစုပေါင်း (၂၀)ဦး ပါဝင်ရွေးချယ်ခံရာ အဆိုပါ(၂၀)ဦးတွင် ဆဋ္ဌမတန်း မှ ဒသမတန်းထိပါဝင်ပြီး၊ တစ်ကျောင်းလုံးရှိ ပဉ္စမတန်းမှ ဒသမတန်း ကျောင်းသား/ကျောင်းသူများသည် မိမိတို့ သက်ဆိုင်ရာ အသင်းများမှ ရွေးချယ်ခံ ကျောင်းသား/ကျောင်းသူ၏ အမည်အား ရေး၍ မဲထည့်စေသည်။

ထိုသို့ ရွေးချယ်ပွဲပြုလုပ်ရာတွင် အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းနှင့် ဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးပြီး မဲများကိုလည်း ၀င်ရောက်ရွေးချယ်ခံ ကျောင်းသား/ကျောင်းသူ (၂၀)ဦး၏ ရှေ့မှာပင် ရေတွက်ကာ ကျောင်းကောင်စီအတွင်းရေးမှူး၏ အမည်အား ကြေငြာသည်။

ကျောင်းကောင်စီ ဥက္ကဌတာဝန်အား သက်ဆိုင်ရာကျောင်းမှ ကျောင်းအုပ်ဆရာကြီး (သို့မဟုတ်) ဆရာမကြီးက တာဝန်ယူရမှာဖြစ်ပြီး အတွင်းရေးမှူးတာဝန်ကိုတော့ ကျောင်းသား/ကျောင်းသူထဲမှ ရွေးချယ်ရမှာဖြစ်သည်။ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့အား ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အသင်း(၅)သင်း၏ တာဝန်ခံ ဆရာ(၅)ဦး၊ အသင်း(၅)သင်း၏ ကျောင်းသားခေါင်းဆောင် (၅)ဦး နှင့် အတန်းလိုက် ကိုယ်စားလှယ်ကျောင်းသား (၆)ဦး စုစုပေါင်း (၂၀)ဦးဖြင့် ဖွဲ့စည်းရမှာဖြစ်ကြောင်း သိရသည်။

ယခုလို ကျောင်းကောင်စီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ မှန်ကန်သော အတွေးအခေါ်၊ အကျင့်အကြံ၊ အပြုမူ၊ အပြောအဆို၊ အနေအထိုင် နှင့် အလေ့အထများ ထွန်းကားလာရန်၊ ကျောင်းသား/ကျောင်းသူ တစ်ဦးစီတွင် လည်းကောင်း၊ အများအတွက် လည်းကောင်း၊ တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို စုပေါင်းဖြေရှင်းတတ်စေရန်အပြင် ပင်ကိုယ်မူလ ဗီဇ၊ ၀ါသနာကောင်းများအား ပြုစုပျိုးထောင်ပေးခြင်းဖြင့် ထွန်းကားလာစေရန် ဖြစ်ကြောင်း သိရသည်။

 တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းအနက် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျောင်းကောင်စီရွေးချယ်ပွဲကို ပထမဆုံး ပြုလုပ်တာဖြစ်ပြီး ယခုကဲ့သို့ ရွေးချယ်ခြင်းကို ကျောင်းများအသီးသီးတွင်လည်း ပြုလုပ်မှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

နှစ်ပေါင်း(၂၀)ကျော်ကြာ ကွယ်ပျောက်သွားသည်ဖြစ်သော ကျောင်းကောင်စီအဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုတဖန် ပြန်လည်ပေါ်ထွက်လာသော အဖွဲ့ဖြစ်သည်။