ကျောက်မဲမြို့ရှိ မင်္ဂလာဈေးရှေ့မှ ပျံကျဈေးသည်များ ကျောက်မဲဘူတာအနီးတွင် ပြုလုပ်ပေးထားသည့် ယာယီဈေးတွင် ရောင်းချရမည်

ကျောက်မဲမြို့ရှိ မင်္ဂလာဈေးရှေ့မှ ပျံကျဈေးသည်များ ကျောက်မဲဘူတာအနီးတွင် ပြုလုပ်ပေးထားသည့် ယာယီဈေးတွင် ရောင်းချရမည်
မေ 7, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ မင်္ဂလာဈေးရှေ့မှ ပျံကျဈေးသည်များ ကျောက်မဲဘူတာအနီးတွင် ပြုလုပ်ပေးထားသည့် ယာယီဈေးတွင် ရောင်းချရမည်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ မင်္ဂလာဈေးရှေ့မှ ပျံကျဈေးသည်များ ၂၀၂၀ ခုနှစ်၊ မေလ (၇) ရက်နေ့မှစ၍ ကျောက်မဲဘူတာအနီးတွင် ပြုလုပ်ပေးထားသည့် ယာယီဈေးတွင်သာ ရောင်းချကြရတော့မည်ဖြစ်ကြောင်း သိရသည်။

“ညဈေးတန်းကို ရက်ရှည်ပိတ်ထားခဲ့တဲ့အတွက် မနက်ခင်းဈေး / မင်္ဂလာဈေးမှာ လူစည်ကားတာတွေ ပိုလာတယ်။ အဲဒါကြောင့် မနက်ဈေးပြင်ပက ပျံကျဈေးသည်တွေအတွက် ဘူတာအနီးမှာ ယာယီပျံကျဈေးတစ်ခုကို နေရာလုပ်ပေးထားတာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ Covid-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီက လုပ်ပေးတာဖြစ်ပြီး စည်ပင်သာယာရေးကော်မတီက ပါဝင်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲဘူတာအနီး ( ယခင် ပန်းခြံဟောင်းနေရာ ) မြန်မာ့မီးရထားပိုင် မြေနေရာအား မြေဖို့ပေးခြင်း၊ အကွက်ရိုက်ပေးခြင်းတို့ကို  Covid-19 မြို့နယ်ကော်မတီနှင့် စည်ပင်သာယာရေးကော်မတီတို့က ဧပြီလအတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး (၆) ပေစီခြား၍ ဈေးရောင်းနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။

ယာယီပျံကျဈေးတွင် သား/ငါး များ မရောင်းချရန်၊ နေရာဦးထားပြီးနေရာကို တစ်ဆင့်ပြန်ရောင်းခြင်းမပြုလုပ်ရန်၊ အမှိုက်များအား မိမိအစီအစဉ်ဖြင့် သတ်မှတ်နေရာသို့ စွန့်ပစ်ရန်၊ ရောင်းချသူနှင့် ဈေးဝယ်သူများအားလုံး Mask တပ်ဆင်ရန်၊ ဆိုင်ကယ်/ကား များ ဈေးအတွင်း မဝင်ရောက်ရန်၊ သတ်မှတ်နေရာအတွင်း၌သာ ရောင်းချရန် သတ်မှတ်ထားသည်။

ယာယီဈေးအား နံနက် (၄) နာရီမှ နံနက် (၇) နာရီထိသာ ရောင်းချရန်နှင့် ဈေးအတွင်းကြီးကြပ်ပေးနေသည့် ဝန်ထမ်းများအား အန္တရာယ်ဖြစ်စေမည့် အမူအရာ/ အပြော အဆိုများ ပြုလုပ်ပါက တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။
ကျောက်မဲရှိ ဗဟိုဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေး တို့တွင် မေလ (၇) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ သား/ငါး၊ ဟင်းသီး ဟင်းရွက်၊ အခြေခံစားသောက်ကုန် နှင့် ဆေးဝါးပစ္စည်းများသာ ရောင်းချခွင့်ပေးထားပြီး ပျံကျဈေးသစ်/ ဘူတာဈေးတွင် သီးနှံနှင့် ခြံထွက် ဟင်းသီး ဟင်းရွက်များကို ရောင်းချခွင့် ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
 ဓါတ်ပုံ - ကျောက်မဲစည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~