ကျိုင်းတုံထောင်မှ ပြစ်ဒဏ်စေ့ဖြင့် လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသူကို အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးပြီး ထိုင်းနိုင်ငံသို့ ပြန်လွှဲ

ကျိုင်းတုံထောင်မှ ပြစ်ဒဏ်စေ့ဖြင့် လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသူကို အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးပြီး ထိုင်းနိုင်ငံသို့ ပြန်လွှဲ
မေ 17, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့်ပြစ်ဒဏ်ကျခံနေရသည့် ထိုင်းနိုင်ငံသူ အားကျို့ (ခ) ဆဲ့ရှောင် မှာ ၂၀၁၉ ခုနှစ်၊ မေလ (၁၅)ရက်နေ့တွင် အကျဉ်းထောင်လျှော့ရက်ခံစားခွင့်ဖြင့် ပြစ်ဒဏ်စေ့ပြီဖြစ်၍ အမည်ပျက်စာရင်းသွင်းကာ တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)မှ တဆင့် မေလ (၁၇)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

၎င်းအား ၂၀၀၉ ခုနှစ်၊ သြဂုတ်(၂၄)ရက်နေ့က တာချီလိတ်မြို့၊ ဝမ်လိကျေးရွာရှိ စိုင်းဝင်းနိုင်၏ နေအိမ်တွင် ဘိန်းဖြူ (၂၁)ကီလို၊ စိတ်ကြွဆေးပြား (၃,၉၂၆,ဝဝဝ)ပြား၊ အိုက်စ်(၁၀)ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် (၂၈)နှစ် ချမှတ်ထားခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အမိန့်များအရ လျှော့ပေါ့ရက်အသီးသီးခံစားခွင့်ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၁၅)ရက်နေ့တွင် ပြစ်ဒဏ်စေ့သွားခြင်းဖြစ်ကြောင်းသိရသည်။

ပြစ်ဒဏ်ကျခံပြီးသည့် ထိုင်းနိုင်ငံသူကို လုပ်ထုံးလုပ်နည်းအရ အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေးလိုက်ပြီး ၂၀၁၉ ခုနှစ် မေလ (၁၇) ရက်နေ့တွင် တာချီလိတ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) မှတစ်ဆင့် ထိုင်းနိုင်ငံတာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။

၎င်းသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့၊ စမတ်ကော်ဝမ်ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net