တာချီလိတ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးလုပ်ငန်း အသိပေးဆွေးနွေး

နိုဝင်ဘာ 10, 2017
By Tachileik News Agency

တာချီလိတ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပ
ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁၀)ရက်နေ့  နံနက်ပိုင်းက နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) နှင့်ပတ်သက်၍ အသိပေး ဆွေးနွေးပွဲကို ကျင်းပရာ ဒေသတွင်း ဌာနဆိုင်ရာများနှင့် ဒေသခံစုစုပေါင်း (၆၀)ဦးခန့် တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရေးအတွက် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်အဖြစ် အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကလေးများကို နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့ အထိလည်းကောင်း၊ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် အသက်(၉)လမှ (၅)နှစ်အထိ ကလေးများနှင့် ပထမ အကြိမ် ဆေးထိုးရန် ကျန်ရှိသောကလေးများကို ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ လည်းကောင်း၊ သွားလာရန် ခက်ခဲသော ဝေးလံခေါင်းပါးသည့် ဒေသများတွင် နိုဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ လည်းကောင်း ကာကွယ်ဆေးထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ကာကွယ်ဆေးထိုးခြင်းက ကျောင်းအခြေပြု လုပ်ငန်းဖြစ်တဲ့အတွက် ဆရာ၊ဆရာမများ အားလုံးမှာ တာဝန်ရှိပါတယ်။ ပြီးတော့ ကျောင်းမှာပဲအားလုံးကို တစ်ပြိုင်တည်း ထိုးရမှာဖြစ်တဲ့အတွက် ဆေးရုံ၊ဆေးခန်းကို သွားဖို့ မလိုတော့ပါဘူး။ နောက်ပြီးတော့ KG တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ အားလုံးထိုးမှာ ဖြစ်တဲ့အတွက် အရွယ်လွန်ကလေးတွေကို နှုတ်လိုက်ရင် တစ်နိုင်လုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေရဲ့ ကလေး(၉၅)ရာခိုင်နှုန်းလောက် ဆေးထိုးရမှာ ဖြစ်ပါတယ်"ဟု ယာယီမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခေတ္တ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း က ကာကွယ်ဆေးထိုးနှံမှုအား ပညာရေးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေဝင်းက ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ တာချီလိတ်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~