တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ဒေသအတွက် စာသင်ခုံ (၉၅)ခုံနှင့် ဆရာထိုင်ခုံ(၁၃)ခုံ လိုအပ်နေ

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ဒေသအတွက် စာသင်ခုံ (၉၅)ခုံနှင့် ဆရာထိုင်ခုံ(၁၃)ခုံ လိုအပ်နေ
သြဂုတ် 16, 2015
By Tachileik News Agency

သြဂုတ်လ(၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျေးရွာ(၃)ရွာရှိ စာသင်ကျောင်း(၃)ကျောင်းမှာ ရေထဲမျောပါ ပျက်စီးသွားသည့်အတွက် ကျောင်းပြန်လည် ပြုပြင်ရေးအပြင် စာသင်ခုံများအတွက် အလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

ပျက်စီးသွားသည့် စာသင်ကျောင်း (၃)ကျောင်းမှာ မိုင်းပါလျှိုးအုပ်စုရှိ အမက(နမ့်ဖြန့်ကျောင်း)၊ အမက(၀မ်မီးမိုင်ကျောင်း) နှင့် အမကလွန်(နမ့်ကိုင်းကျောင်း) စသည့် ကျောင်းတို့ဖြစ်ရာ အမက(နမ့်ဖြန့်ကျောင်း)သည် ရေထဲမျောပါ ပျက်စီးခဲ့ရပြီး၊ အမက(၀မ်မီးမိုင်ကျောင်း)သည် ကျောင်းနံရံပွင့်ထွက်ကာ စာသင်ခုံများ ရေထဲသို့ မျောပါသွားခဲ့ရကြောင်း နှင့် အမကလွန်(နမ့်ကိုင်းကျောင်း)သည် အတွင်း ကန့်နံရံ(၁)ခြမ်း နှင့် ဘေးနံရံပြိုကျခြင်းအပြင် စာသင်ခုံများ ရေထဲ မျောပါသွားသည့်အပြင် အဆိုပါကျောင်းရှိ ၀န်ထမ်းအိမ်ရာမှာလည်း ပျက်စီးသွားကြောင်း သိရသည်။

လတ်တလောတွင် အရေးပေါ်လိုအပ်နေသည့် စာသင်ခုံများ အနေဖြင့် အမကလွန်(နမ့်ကိုင်းကျောင်း)တွင် စာသင်ခုံ (၆၅)စုံ နှင့် ဆရာခုံ(၇)စုံ၊ အမက(နမ့်ဖြန့်ကျောင်း)တွင် စာသင်ခုံ (၁၅)စုံ နှင့် ဆရာခုံ(၃)စုံ၊ နှင့် အမက(၀မ်မီးမိုင်ကျောင်း)တွင် စာသင်ခုံ (၁၅)စုံ နှင့် ဆရာခုံ (၃)စုံ၊ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

စုစုပေါင်းလိုအပ်နေသည့် စာသင်ခုံမှာ (၉၅)စုံ ဖြစ်ပြီး ဆရာထိုင်ခုံ(၁၃)စုံ လိုအပ်နေရာ စာသင်ခုံ တစ်စုံလျှင် (၂၀၀၀)ဘတ်ရှိသည့်အတွက် စေတနာရှင်ပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သလောက် အောက်ဖော်ပြပါ လိပ်စာများမှ တဆင့် သွားရောက် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"စာသင်ခုံတွေကို အုပ်စုလိုက် သွားရောက်လှူဒါန်းချင်တယ်ဆိုရင်လည်း လှူဒါန်းလို့ရပါတယ်၊ တစ်စုံစီလှူဒါန်းချင်တယ်ဆိုရင်လည်း လာရောက်လှူဒါန်းလို့ရပါတယ်၊ ကျိုင်းလပ်မှာ ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ကွပ်ကဲရေးရုံးဖွင့်ထားပါတယ်၊ ကျောင်းသုံးကျောင်းမှာ ဖြန့်ပြီး လှူနိုင်ရန် အဲ့ဒီမှာ အကြံဥာဏ်တောင်းနိုင်ပါတယ်.."ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

အောက်ဖော်ပြပါ အလှူခံဌာနများတွင် ရေဘေးသင့်ပြည်သူများအတွက် အလှူခံနေလျက်ရှိသည်နှင့်အညီ အလှူရှင်များအနေဖြင့် စာသင်ခုံအတွက် လှူဒါန်းလိုပါက အလှူခံဌာနများတွင် "စာသင်ခုံအတွက်"ဟု ပြောဆိုကာ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

လှူဒါန်းနိုင်မည့် နေရာများ...

ဦးတင်ဝင်းရွှေ
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြန်မာဖုန်း။  ။ 095019657၊ 0936153040၊ ထိုင်းဖုန်း။  ။ 0850181889

ဦးထွန်းထွန်းဝင်း
တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြန်မာဖုန်း။  ။ 09421000330၊ ထိုင်းဖုန်း။  ။ 0823837478

ဗယ်လင်တိုင်း (ကဖေးနှင့်အအေး)စားသောက်ဆိုင်
ဘုရင့်နောင်ရုပ်တုရှေ့၊ ဗိုလ်ချုပ်လမ်းမဘေး၊ တာလော့ရပ်ကွက်၊ တာချီလိတ်မြို့။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~