လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား (၃)ဦးသေဆုံး 

လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား (၃)ဦးသေဆုံး 

ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်အထွက်ရှိ ကွမ်းခြံကျေးရွာတွင် ဂိတ်ထိုင်ထားသည့် စစ်ကောင်စီ၏ ကွမ်းခြံစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်အမှတ် (၃) တပ်ရင်း၏ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုကို ၂၀၂၄ခုနှစ် မေလ (၈)ရက်နေ့ မနက် (၁၂) နာရီခန့်တွင် စတင်ခဲ့ပြီး ဂိတ်ကိုဝင်ရောက်စီးနင်းပစ်ခတ်စဉ် ပြည်သူများမောင်းနှင်နေသည့်ကားများ အဆက်မပြတ် သွားလာနေသည့်အတွက် ပြည်သူထိခိုက်မှုမရှိစေရန် စခန်းကိုစီးနင်းခြင်းမပြုတော့ဘဲ ပြန်လည်ဆုတ်ခွာပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ခိုက်မှုပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ မြို့တွင်းအစစ်အဆေးတင်းကျပ်ထားပြီး ကွမ်းခြံဂိတ်ကိုလည်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။

အဆိုပါ ကွမ်းခြံစစ်ဆေးရေးဂိတ်သည် ရဲနှင့်စစ်တပ် ပူးပေါင်းတပ်ထိုင်ထားသည့် ဂိတ်ဖြစ်ပြီး ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ယာဉ်များကို မတရားဖမ်းဆီးဒဏ်ရိုက်ခြင်းများပြုလုပ်နေသည့် ဂိတ်တစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ( ၂ ) တပ်ရင်း၏ တပ်ခွဲ (၂၊၃၊၆) ၊ MBDF ( မြေလတ်ဗမာကာကွယ်ရေးအဖွဲ့ ) နှင့် သာယာဝတီခရိုင် အမှတ် (၃)တပ်ရင်း (Myanmar Defense Force)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီဂိတ်၊စခန်းများအနီး နေထိုင်ခြင်းများမပြုလုပ်ရန်နှင့် မဖြစ်မနေဖြတ်သန်းသွားလာရမည်ဆိုပါက ပတ်ဝန်းကျင်အခြေအနေကို လေ့လာသတိပြုသွားလာကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency