KNU တပ်မဟာ ၅ နယ်မြေမှ စစ်ကောင်စီတပ်စခန်း ၅ ခု စခန်းစွန့်ခွာ

KNU တပ်မဟာ ၅ နယ်မြေမှ စစ်ကောင်စီတပ်စခန်း ၅ ခု စခန်းစွန့်ခွာ

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း(၅)ခု ၂၀၂၄ ခုနှစ် ဧပြီလအတွင်း စခန်းစွန့်ခွာသွားကြောင်း KNUထံမှ သိရသည်။

ကောင်စီတပ်များ အခြေချထားသည့် သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနှင့် မယ်ဝေဘလယ်ကျိုးစခန်းများမှ စစ်ကောင်စီတပ်များသည် တပ်စခန်းကို စွန့်ခွာထားရစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း (၁၇၅)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီသား (၆၄)ဦးသေပြီး (၃၅)ဦး‌ ဒဏ်ရာရသည်ဟုလည်း KNUက ဆိုသည်။ 

နှစ်ဖက်လုံး၏ တစ်လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာကျေးရွာများနှင့် အသက်မွေးဝမ်းကျောင်းပြုရာ လယ်ယာခြံမြေများအတွင်းသို့ လက်နက်ကြီး(၅)လုံး ပစ်ချခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် (၄၂)ကြိမ် ဗုံးကြဲချရာ ပြည်သူများ၏အိုးအိမ်၊ အိမ်မွေးတိရစ္ဆာန်နှင့် သီးနှံစားပင်အမြောက်အများ ထိခိုက် ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency