ကရင်နီပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်နေသဖြင့် နေရပ်မပြန်ကြသေးရန် အသိပေး

ကရင်နီပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်နေသဖြင့် နေရပ်မပြန်ကြသေးရန် အသိပေး

ကရင်နီပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေသဖြင့် ဒေသခံများ တော်လှန်ရေးတပ်များ၏ ခွင့်ပြုချက်မရဘဲ ပြန်လည်ဝင်ရောက်ခြင်းမပြုလုပ်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၁)ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသဖြင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ကရင်နီပြည်အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားနေသည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူများ ထိခိုက်မှု လျော့ကျစေရန် အင်အားစုအသီးသီးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လေကြောင်းရန် အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ကြိုးပမ်းနေသည်ဟု သိရသည်။

ကရင်နီပြည်အတွင်း ရပ်ကွက်၊ ကျေးရွာအများစု၌ မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များနှင့် တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ အတည် ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်နေထိုင်ခြင်း မပြုကြရန် သတိပေးထားသည်။

ပြန်လည်အခြေချ နေထိုင်ခွင့်ရှိသည့် အချို့သော ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်ထားသည့် နေရာ၌သာ နေထိုင်သွားလာရန်နှင့် ကန့်သတ်ထားသည့် နေရာများသို့ သွားလာခြင်း လုံးဝမပြုလုပ်ရန်လည်း အသိပေးထားသည်။

ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း (သို့မဟုတ်) တူးဖော် ထုနှက်ခြင်း၊ နေရာရွေ့ခြင်းနှင့် ယူငင်သိမ်းဆည်းထားခြင်း လုံးဝမပြုလုပ်ကြရန် အသိပေးထားသည်။

ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်ရာ တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများကို ချက်ခြင်း အကြောင်းကြားရန်လည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency