သံတွဲမြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ ညပိုင်းအထိ တိုက်ပွဲဖြစ်နေ

သံတွဲမြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ ညပိုင်းအထိ တိုက်ပွဲဖြစ်နေ

ရခိုင်ပြည်‌နယ်တောင်ပိုင်း သံတွဲမြို့နယ် လင်းသီရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၉)ရက်နေ့ ညနေ(၄)နာရီမှ ည(၁၀)နာရီကျော်အထိ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည် (၄)လုံး လင်းသီရွာလယ် လမ်းဆုံကိုကျကာ ဒေသခံတစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

"လက်နက်ကြီးကျည်ကြတယ်ပေါ့ ရွာထဲကို။ လူတစ်ယောက်ထိထားတယ်။ ကျတာ(၄)လုံး။ ရွာလယ် လမ်းဆုံကို။ စစ်ကောင်စီတပ်သားတစ်ယောက်လည်း မျက်နှာကိုထိထားတယ်။ စစ်ကောင်စီတပ်က အရာရှိတစ်ယောက်ကိုလည်း ဖမ်းမိထားတယ်လို့ သိထားရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်သည် လင်းသီရွာ တံတားတွင် တပ်စွဲထားခြင်းဖြစ်ပြီး လက်နက်ကြီးကျည်များမှာ တံတားနှင့် (၂)ဖာလုံအကွာတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"လက်နက်ကြီးကျည်က ဒီတစ်နေရာထဲကို ကျနေတာ။ ဟိုနေ့က တစ်လုံး၊ ဒီနေ့ (၄)လုံးကျတယ်။ စစ်တပ်နေရာယူထားတဲ့ တံတားဘက်အခြမ်းကို မကျဘူး။ ဘယ်ကပစ်တာလဲ မသိရဘူး။ မနေ့ကလို မကြာမကြာ တစ်ညလုံးပစ်နေမယ်ထင်တယ်။ အခုက စစ်တပ်ဘက်က ပစ်နေတာပဲ ရှိတော့တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတချို့မှာ လင်းသီရွာအတွင်းရှိနေဆဲဖြစ်ပြီး အများစုမှာ ပုရစ်၊ ရေကောက်၊ ဆူးပုတ်ကုန်းရွာများနှင့် သံတွဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

"စစ်ကောင်စီတပ်စွဲထားတဲ့နေရာက တံတားကနေ တောင်ကုတ်ဖက်ကလာရင် ဆင်ခေါင်းဖက်လာတဲ့ လမ်းဆုံတဝိုက်နဲ့ တံတားဇက်ရင်းနားပေါ့။ သူတို့နေရာယူထားတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ(၇)ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေယာဉ်နှင့် လင်းသီရွာအနီးရှိ ပြွန်ခေါင်တောင်ကို ဗုံး(၃)လုံးကြဲချခဲ့သည်။

#TachileikNewsAgency