ပတ်စပိုစ့် စာအုပ်လာလုပ်သည့် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် စစ်ကောင်စီ စီစဉ်နေ

ပတ်စပိုစ့် စာအုပ်လာလုပ်သည့် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် စစ်ကောင်စီ စီစဉ်နေ
ဧပြီ 21, 2024 | ရှမ်းတောင်

 

စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံနိုင်၍ အမှန်တရားဘက်က ရပ်တည်ကာ CDM လုပ်ဆောင်ထားကြသည့် CDM ဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့ ထွက်ခွာမသွားရေးအတွက် ပတ်စပိုစ့်(Passport)လာရောက်လျှောက်ထားသည့် ကနဦးအဆင့်တွင် ဖမ်းဆီးရန်အတွက် CDM များ၏ ကိုယ်ရေးအချက်အလက် စာရင်းများကို  သက်ဆိုင်ရာ ဌာနများသို့ တောင်းခံထားကြောင်း သိရသည်။

CDM ဝန်ထမ်းများနှင့် ပတ်သက်ပြီး ၂၀၂၄ခုနှစ် မတ်လ(၂၆)ရက်နေ့က ရန်ကုန်လေဆိပ်ကနေ ပြည်ပသို့ ထွက်ခွာမည့် CDM ဝန်ထမ်း(၂)ဦးကို ဖမ်းဆီးလိုက်ပြီးနောက် လေဆိပ်တွင် စောင့်ဖမ်းစရာမလိုဘဲ ပတ်စပိုစ့် စာအုပ်ပြုလုပ်သည့်အဆင့်တွင် ဖမ်းဆီးနိုင်ရန်အတွက် ယခုလို လုပ်ဆောင်နေခြင်း ဖြစ်သည်။

 ပြည်ပထွက်ခွာရန် ပြင်ဆင်နေသည့် CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ကနဦး အဆင့်တွင် ဖမ်းဆီးရေးအတွက် စစ်ကောင်စီရုံးက ၂၀၂၄ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များထံသို့ ညွှန်ကြားလာပြီးနောက် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးတို့က ပြန်လည်၍ ထပ်ဆင့် ညွှန်ကြားခြင်း ဖြစ်သည်။

CDM ဝန်ထမ်းများကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်သော်လည်း ပြည်တွင်း ခရီးသွာလာခွင့်ကိုတော့ ပိတ်ပင်ထားခြင်းမရှိသေးကြောင်း သိရသည်၊

"ကျွန်တော် နားလည်ထားသလောက် ပြောပြရရင် အဓိက ကတော့ CDM ဝန်ထမ်းတွေကို ပြည်ပထွက်ခွာခွင့်  တားမြစ်တဲ့ သဘောပါ။ CDM ဝန်ထမ်းတွေကို ပတ်စပိုစ့်စာအုပ်လာလုပ်ရင် ဖမ်းမယ်။ ဒီအတိုင်းဆိုရင်တော့ မဖမ်းဘူးဆိုတာမျိုးပါ။ အခုက ပြည်ပထွက်ခွာတာကို တားမြစ်ထားပေမဲ့ ပြည်တွင်း ခရီးသွားလာမှုတွေကိုတော့ တားမြစ်ထားတာ မရှိသေးပါဘူး"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ အမည်မဖော်လိုသည့် Tachileik News Agency ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

CDM ဝန်ထမ်းများကို ပတ်စပိုစ့်(Passport) ပြုလုပ်ခွင့်နှင့်အတူ ပြည်ပထွက်ခွာခွင့် ပိတ်ပင် တားမြစ်ထားသလို မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်မြို့များသို့ပါ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ဖြင့် သွားလာခွင့်ကိုပါ ပိတ်ပင်ထားသည်။