နေပြည်တော် အေလာလေတပ်စခန်းအား ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

နေပြည်တော် အေလာလေတပ်စခန်းအား ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

နေပြည်တော် အေလာလေတပ်စခန်းအား ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၁)ရက်နေ့ နံနက် ၅ နာရီခန့်တွင်  (၁၀၇) မမ ဒုံးကျည် (၇)လုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Mountain Knights Civilian Defence Force က ထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိနှင့် အောက်ခြေအဆင့် တပ်သားအချို့ ထိခိုက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံ၏ ဗဟိုအချက်အခြာတွင်ရှိပြီး လုံခြုံရေးအထူးတင်းကျပ်ထားသည့် နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံအနှံ့အပြားသို့ လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်ရာတွင်  အဓိကကျသည့် စခန်းတစ်ခုဖြစ်ပြီး ကရင်နီဒေသ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းကို အဓိက ဗုံးကျဲနေသည့် တိုက်လေယာဉ်များ ထားရှိသည့် စခန်းတစ်ခုဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို Mountain Knights Civilian Defense Force(MKCDF)မှ Brave Warriors for Myanmar(BWM) အဖွဲ့၏ စီမံမှုဖြင့် အဖွဲ့အစည်းနှစ်နှစ်ပြည့် အထိမ်းအမှတ်အနေနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အားထားရသော အချက်အခြာကျသည့် အေလာလေတပ်ကို တိုက်ခိုက်ခြင်းသည် အားကောင်းနေသော တော်လှန်ရေးခရီးကို ထပ်မံအားဖြည့်ပေးရန်ရည်ရွယ်ကြောင်းသိရသည် ။

ပြီးခဲ့သည့် ဧပြီလ (၄)ရက်နေ့ကလည်း နေပြည်တော် အေလာလေတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

#TachileikNewsAgency