ထားဝယ် - ထီးခီးလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃၀)ကျော်သေပြီး တပ်ပျက်ကာ ထွက်ပြေးနေ 

ထားဝယ် - ထီးခီးလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃၀)ကျော်သေပြီး တပ်ပျက်ကာ ထွက်ပြေးနေ 
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

 

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ် - ထီးခီးလမ်းတွင် ရိက္ခာဖြည့်တင်းသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA ) ပါဝင်သည့် ပူးပေါင်းတပ်များက တစ်ပတ်ကြာ ကြားဖြတ်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သား(၃၀)ကျော်သေပြီး တပ်ပျက်ကာ ထွက်ပြေးနေကြောင်း သိရသည်။

ထားဝယ်မြို့မှ ကျောက်မဲတောင်စခန်းကို ရိက္ခာဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း(၁၇)စီးကို ထားဝယ်မြို့နှင့် မိုင်(၂၀)အကွာ သင်္ဃန်းတုံးနှင့် ဝကုန်းကျေးရွာတို့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ကား(၆)စီးပျက်စီးကာ လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးတပ် များဘက်က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်နေတာတော့ (၆)ရက်လောက်တော့ရှိပြီဗျ။ အဲဒီ(၆)ရက်မှာ မနေ့ကတော့ အပြင်းထန်ဆုံးပေါ့။ အခု ကျွန်တော်တို့ဖုန်းပြောနေရင်းတောင် Mi တစ်စီးဝဲနေတယ်။ မနေ့က မနက်ပိုင်းက ရှေ့ နေ့တွေထက် နှစ်ဘက်ထိတွေ့မှုဖြစ်တာ အဆိုးဆုံးပေါ့။ နှစ်ဘက်က အကျဆုံးတော့ရှိတယ်။ တော်လှန်ရေးတပ်ဘက်ကလည်း (၁၀)ဦးတော့မပြည့်ဘူး ကျတယ်။ စစ်ကောင်စီတပ်ဘက်က အခုအခြေအနေအရ (၃၀)ကျော်သေတယ်။”ဟု KNLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပြောသည်။ 

လက်ရှိတွင် ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို ပူးပေါင်းတပ်များက လိုက်လံဖမ်းဆီးနေပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအရေအတွက်ကိုမူ စာရင်းအတိတကျမသိရသေးဟုလည်း ဆိုသည်။

“အခု မနက်ပိုင်းကစပြီး ပြန်ငြိမ်နေတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ ဖွဲ့စည်းပုံပျက်သွားတယ်။ ဟိုဘက်ပြေး၊ ဒီဘက်ပြေး ထွက်ပြေးနေလို့ ဒီဘက်ကလည်း လိုက်နေတဲ့အချိန်ဆိုတော့ တိုက်ပွဲက ပြင်းထန်နေတာထက် သူတို့ ကိုလိုက်ဖမ်းနေတာမျိုးပါ။”ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် ထားဝယ်မှထွက်လာပြီးနောက် သင်္ဃန်းတုံးကျေးရွာအနီးတွင် တော်လှန်ရေးတပ်များက အဝေးကလှမ်းပစ်ခြင်းသာရှိခဲ့ပြီး ဝကုန်းကျေးရွာအနီးအရောက်တွင်မူ အနီးကပ်တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုစစ်ကောင်စီတပ်ကားတွေ တိုက်ပွဲဖြစ်တဲ့နေရာနဲ့အနီးဆုံးက ကျောက်မဲတောင်စခန်းကိုရောက်တာက (၃)စီး လောက်ပဲ ရောက်သေးတယ်။ ကျန်တဲ့အစီးတွေကတော့ မရောက်သေးဘူး။ လက်နက်ခဲယမ်းတော့ ရပြီးထားပြီ။ ကား(၆)စီးနောက်မှာပါတဲ့ စစ်ကောင်စီတပ်သား(၁၈)ဦးလည်း သေတော့လေ။ လက်နက်ကြီးနဲ့လည်း စစ်ကောင် စီဘက်က ပစ်ခတ်နေတယ်။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ဝကုန်းရွာအပါအဝင် အနီးရှိကျေးရွာ(၆)ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရ သည်ဟု သိရသည်။