ဘီယာဗိုက် သီချင်း သီဆိုသူနှင့် ဟာသ သရုပ်ဆောင်တို့ကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

ဘီယာဗိုက် သီချင်း သီဆိုသူနှင့် ဟာသ သရုပ်ဆောင်တို့ကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

လူမှုကွန်ရက်တွင် ဝေဖန်မှု မြင့်တက်ခဲ့သည့် “ဘီယာဗိုက်” သီချင်းဗီဒီယိုနှင့် ပတ်သက်ပြီး အဆိုတော် မေသူ နှင့်  ဟာသ သရုပ်ဆောင် အိုကေ အပါအဝင် သက်ဆိုင်သူများကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

"လူမှုကွန်ရက်တွင် “ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးကြောင်း" စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် အသိပေးကြေညာလာသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၏  ပုဒ်မ - ၃၃(က)တွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပါက အရေးယူနိုင်ပြီး ပြစ်မှုပြစ်ဒဏ်အဖြစ် အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ  ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

အနုပညာရှင်များအနေဖြင့် မိမိထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် ရိုက်ကူးတင်ဆက်မှုမျိုးကို ရုပ်ရှင်၊ ဂီတ နှင့် သဘင် စသည့် အစည်းအရုံးများအနေဖြင့် ထိန်းကျောင်း ကြပ်မတ်ပေးရန် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဇန်နဝါရီ(၁၃)ရက်ကတည်းက သတိပေးထားမြစ်ထားကြောင်း သိရသည်။