နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကိုတိုက်ခိုက်ကာ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖယ်ရှားမည်ဟု NMSP(AD)ထုတ်ပြန်

နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကိုတိုက်ခိုက်ကာ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖယ်ရှားမည်ဟု NMSP(AD)ထုတ်ပြန်

နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကိုတိုက်ခိုက်ကာ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖယ်ရှားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)တပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားပြီး မွန်ပြည်ကြားကာလနှင့် ပြည်ထောင်စုကြားကလ အုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ တော်လှန်ရေးအင်အားစုများအားလုံးပါဝင်သော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရဖွဲ့စည်းခြင်းတို့ကို လုပ်ဆောင်မည်ဟု ဆိုသည်။

အသွင်ကူးပြောင်းရေးကာလတွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများပါဝင်ကာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းအတည်ပြုပြီး ယင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းခြင်း၊ တော်လှန်ရေးအင်အားစုများပါဝင်ကာ ပြည်ထောင်စုဖွဲ့စည်ပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ယင်းဖွဲ့ စည်းပုံအရ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိစေရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)တပ်ဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အပြည့်အဝအာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်ကိုတည်ဆောက်မည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှတိုက်ဖျက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားရန်၊ မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်၊ မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏ တန်တူးအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသော မွန်းပြည်ကို တည်ဆောက်သွားမည်ဟု ဆိုသည်။ 

ထို့အပြင် NCA စာချုပ်အပေါ်အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုမှန်သမျှကို လက်မခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်သွားမည်ဖြစ်ပြီး အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့်မရှိစေရေးတို့ကိုလည်း နိုင်ငံရေးဦးတည်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည်အဝရှိခြင်း၊ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရှိခြင်း၊ လူနည်းစုအခွင့်အရေးကို အပြည်အဝအာမခံပေးခြင်း၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းနှင့် ဂျန်ဒါတန်းတူမှုရှိခြင်း၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှုတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းတို့ကိုလည်း ပြည်ထောင်စု၏ အခြေခံစံတန်ဖိုးများတွင် ထည့်သွင်းဖော်ပြထားသည်။

#TachileikNewsAgency