ရေဖြူမြို့နယ်ရှိ မင်းသားရွာပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ရေဖြူမြို့နယ်ရှိ မင်းသားရွာပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ မင်းသားရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

မင်းသားရွာတွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပျူစောထီး (၃၀)ဦး၊ စစ်ကောင်စီတပ်သား (၁၅)ဦးနှင့် အရံတပ်သား (၂၀)ဦး  စုစုပေါင်း  (၇၀)ဦးခန့် တပ်စွဲထားသော ပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းအား သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦးကျော်‌သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကာ (၂)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းသားရွာတွင် နေထိုင်နေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများသည် ပတ်ဝန်းကျင်ရွာများဖြစ်သည့် သုံးဆူရွာ၊ စိန်ပုံရွာတို့တွင် စစ်မှုထမ်းရန်အတွက် လက်နက်နှင့် အတင်းအကျပ်ဖိအားပေးကာ ပြည်သူလူထုများကို ခြိမ်းခြောက် ငွေညစ်တောင်းခံနေခြင်းဖြစ်သည်ဟု ဆိုသည်။ 

ထို့အပြင် မွန်ပြည်နယ် ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား ပူးပေါင်းတပ်များက မင်းသားရွာစခန်းသိမ်းချိန်တွင် တစ်ပြိုင်တည်းဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း သိရသည်။

စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ရေးပြောက်ကျားတပ် YGF ဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ဒေါနတပ်ခွဲ(၄)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ DDTတပ်ခွဲ ဒေါနတပ်ခွဲ(၇)၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း)၊ YDF(ဒေါနစစ်ကြောင်း)၊မဟာမိတ်တပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊YAFနှင့် ထားဝယ်ခရိုင် တပ်ရင်း(၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency