ဒေါပုံမြို့နယ် ဂျပန်တံတားဟောင်း ရေလယ်တိုင်အုတ်ခုံပေါ်တွင် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိ

ဒေါပုံမြို့နယ် ဂျပန်တံတားဟောင်း ရေလယ်တိုင်အုတ်ခုံပေါ်တွင် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိ

ရန်ကုန်မြို့ ဒေါပုံမြို့နယ် ဂျပန်တံတားဟောင်း ရေလယ်တိုင်အုတ်ခုံပေါ်တွင် ပြုတ်ကျသေဆုံးသည်ဟုယူဆရသည့် အသက်(၆၀)နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ၂၀၂၄ခုနှစ် မတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

သေဆုံးသူအမျိုးသမီးကို မင်္ဂလာတောင်ညွန့်ဘက်ခြမ်း တံတားရေလည်တိုင်အုတ်ခံ၌ မျက်နှာတစ်ခြမ်းပျက်စီး၊ ခြေထောက်ကျိုးဒဏ်ရာများနှင့် ယမန်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့သတင်းကြားတာကတော့ ခုန်ချတယ်ဆိုပြီးကြားတာပေါ့။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီးကိုပို့လိုက်တယ်။ သူက ဘယ်ကလည်းဆိုတာကို ကျွန်တော်တို့မသိရဘူး။ မြေးဖြစ်သူ စစ်မှုထမ်းရလို့ ခုန်ချတယ်ဆိုတာကတော့ ကာယကံရှင်ဘဲ သိမှာပေါ့။ ကျွန်တော်တို့ ကယ်ဆယ်ရေးပိုင်းကတော့ မသိဘူး။ ကျွန်တော်တို့ အလောင်းကိုတွေ့တဲ့ပုံစံအရ ညလောက်ကတည်းက ခုန်ချသွားတာ ဖြစ်ပုံရတယ်။ သူကအမှန်တကယ်က ရေထဲကိုခုန်ချတာ။ ဒါပေမယ့် ရေထဲကိုမရောက်ပဲ တံတားအောက်ခြေက ဘောင်နဲ့ ရိုက်မိပြီး မျက်နှာတစ်ခြမ်းပဲ့သွားတယ်။ ခြေနှစ်ချောင်းကျိုးသွားတယ်။"ဟု Happy Taxi Family လူမှုထောက်ကူပြုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လူမှုကွန်ယက်စာမျက်နှာပေါ်တွင်မူ  မြေးဖြစ်သူ စစ်မှုထမ်းစာရင်းအတွင်း ပါဝင်သွားသဖြင့် စိတ်ထိခိုက်ကာ ဂျပန်တံတားဟောင်းပေါ်မှ ခုန်ချသတ်သေခြင်းဖြစ်ကြောင်း ရေးသားနေကြသော်လည်း Tachileik News Agency အနေဖြင့် ဒေသခံများအား ဆက်သွယ်မေးမြန်းနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထပ်မံဆက်သွယ် အတည်ပြုရရှိပါက သီးခြားသတင်းတစ်ပုဒ်အနေဖြင့် ဖော်ပြပေးသွားပါမည်။

#TachileikNewsAgency

Photo: Happy Taxi Family လူမှုထောက်ကူပြု ပရဟိတအသင်း