အင်းစိန်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၄)ဦး သုံးလကြာ တိုက်ပိတ်ခံရပြီး ဒေါက်ခတ်၍ အလုပ်ကြမ်း လုပ်ခိုင်းနေ

အင်းစိန်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၄)ဦး သုံးလကြာ တိုက်ပိတ်ခံရပြီး ဒေါက်ခတ်၍ အလုပ်ကြမ်း လုပ်ခိုင်းနေ

ရန်ကုန်တိုင်း အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား(၂၄)ဦးကို တရားမဝင်ပစ္စည်းများ ကိုင်ဆောင်သည်ဟုဆိုကာ ထောင်အာဏာပိုင်များက မျက်နှာကို ခေါင်းစွပ်များစွပ်ကာ လက် ထိပ်‌နောက်ပြန်ခတ် ခေါ်ဆောင်ပြီး ရိုက်နှက်၍ (၃)လကြာ တိုက်ပိတ်သည့်အပြင် ခြေကျင်းနှင့် ဒေါက်ခတ်ပြီး အလုပ်ကြမ်းများ ခိုင်းစေနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက်(PPNM)ထံမှ သိရသည်။

ရိုက်နှက်တိုက်ပိတ်ခံရသူများထဲတွင် ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား (၂၄)ဦးတို့ ပါဝင်ကြောင်း သိရသည်။

 

လက်ရှိ ခြေကျင်းခတ်ခံရသူများထဲတွင် အသက်(၂၀)နှစ်မှ (၆၀) နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ပြီးနောက် ၎င်းတို့သည် မတရား ပုဒ်မ ၅၄(က)၊ ၅၂(က)၊ ၁၉(စ)၊ ဖောက်ခွဲ(၃)တို့ဖြင့် အမိန့်ချခံထားရသူများဖြစ်သည်ဟု သိရသည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့မှစ၍ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၆)ရက်နေ့အထိ အင်းစိန်ဗဟိုအကျဉ်း ထောင်တွင် ရက်ပေါင်း(၁၃၀)ကျော်ကြာ‌ သံခြေကျင်း‌ဒေါက်များ ခတ်ကာအလုပ်ကြမ်းများ ခိုင်းစေခံနေရသည်ဟု သိရသည်။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ (၅၇)တွင် မည်သည့် အကျဉ်းသားကိုမဆို ရက်ပေါင်း(၉၀)ထက်ကျော်သည့် ခြေကျင်းခတ်ခြင်းများကို မပြုလုပ်ရန် ပြဌာန်းထားပြီး ပုဒ်မ(၅၈)တွင် အရေးပေါ်ကိစ္စမှအပ ထောင်မှူးသည် အကျဉ်းသားများအား ခြေကျင်းမခတ်ရဟု ထောင်လက်ဆွဲဥပဒေတွင် တရားဝင်ပြဌာန်းထားသော်လည်း အာဏာသိမ်းပြီးချိန်မှစ၍ ထောင်အာဏာပိုင်များသည် အကျဉ်းထောင် လက်ဆွဲဥပဒေကို လိုက်နာတော့ခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် ထောင်အာဏာပိုင်များသည် လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေသည်ဟုလည်း ဆိုသည်။

လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ်(၄)တွင် မည်သူ့ကိုမျှ အတင်းအကျပ် ကျွန်ပြုခြင်း၊ ခိုင်းစေခြင်း မပြုရဟူ၍ လည်းကောင်း၊ အပိုဒ်(၅)တွင် မည်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ သို့တည်းမဟုတ် မတရားပြစ်ဒဏ်ပေးခြင်းများ မပြုရဟူ၍ လည်းကောင်း ကြေညာထားသည့်အချက်များကို  အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးရရှိခြင်းမရှိဘဲ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေကြရသည်ဟု သိရသည်။