ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြစ်ဒဏ်သက်သာစေလို၍ ကျန်းမာရေးအကြောင်းပြခဲ့ကြောင်း အတိုက်အခံ လွှတ်တော်အမတ် သံသယဖြစ်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြစ်ဒဏ်သက်သာစေလို၍ ကျန်းမာရေးအကြောင်းပြခဲ့ကြောင်း အတိုက်အခံ လွှတ်တော်အမတ် သံသယဖြစ်
By Mr John

 

ချင်းမိုင်ခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ကျန်းကျန်းမာမာ ပုံစံဖြင့် တွေ့ရခြင်းကြောင့် အစိုးရက ပြောသကဲ့သို့ ၎င်းမှာ ကျန်းမာရေးမကောင်း ဖြစ်ခဲ့သလားဆိုသည့် အပေါ် ပြည်သူလုထုကြား သံသယများ တိုးလာခဲ့ကြောင်း အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။ 

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် သက်ဆင်က ၎င်း၏ ဇာတိမြို့ ချင်းမိုင်သို့ (၃) ရက်ကြာ ခရီးစဥ် စတင်ခဲ့စဥ် Move Forward ပါတီ၏ လွှတ်တော်အမတ် Rangsiman Rome က ၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ၎င်းကို ချမှတ်ထားသည့် ထောင်ဒဏ် (၁) နှစ် ပြစ်ဒဏ်ကာလ၏ ထက်ဝက်ကို ဆေးရုံတွင် နေထိုင်ခဲ့ပြီးနောက် ပြစ်ဒဏ်မစေ့မီ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။ 

အပြင်းအထန် နေမကောင်းဖြစ်မှုမှာ ၎င်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကြောင်းပြချက်များအနက် တစ်ခုဖြစ်သည်။ 

သက်ဆင်မှာ ထောင်ဒဏ်ချမှတ်ခံရသော်လည်း အကျဥ်းထောင်အခန်းတွင် တစ်ညကုန်အောင်ပင် မနေခဲ့ရဟု ဆိုသည်။

"အဲဒီနောက် ရက်အတန်ကြာပြီးတော့ သက်ဆင် ဆေးရုံကနေ ဆင်းနိုင်ပြီး အိမ်ပြန်ရောက်ခဲ့တယ်။ နောက် ရက်ပိုင်းအတွင်းမှာပဲ ချင်းမိုင်ကို ခရီးသွားနိုင်ခဲ့တယ်" ဟု အတိုက်အခံ လွှတ်တော်အမတ် Rangsiman က ပြောသည်။ 

"အစိုးရက ကျွန်တော်တို့ကို လိမ်ခဲ့တာလား?" ဟု ၎င်းက မေးခွန်းထုတ်လိုက်သည်။ 

"တကယ်လို့ သက်ဆင် နေမကောင်း မဖြစ်ခဲ့ဘူးဆိုရင်၊ ကျွန်တော် ထင်တယ် ... အစိုးရက တာဝန်ယူရလိမ့်မယ်" ဟုလည်း Rangsiman က ပြောသည်။

အသက် (၇၄) နှစ်အရွယ် သက်ဆင်မှာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ရဲဆေးရုံ Police General Hospital မှ ဆေးရုံဆင်းခဲ့သည်။ 

အပြင်းအထန်နှင့် အသက်အန္တရာယ်ရှိသော နေမကောင်းဖြစ်မှုကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၎င်း၏ ပြစ်ဒဏ်ကာလကို အကျဥ်းထောင်ထဲတွင် မဟုတ်ဘဲ ထိုဆေးရုံတွင် (၆) လကြာ နေထိုင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ခဏတာမျှ ပြန်လာခဲ့သည်ကလွဲ၍ ပြည်ပတွင် (၁၅) နှစ်ကြာ နေထိုင်ခဲ့သည့် သက်ဆင်က ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့တွင် ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့သည်။ 

၎င်းကို လေဆိပ်မှ တရားရုံးချုပ်သို့ ခေါ်ဆောင်သွားပြီးနောက် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဥ်အတွင်း အာဏာအလွဲသုံးစားမှု အပါအဝင် အခြား ပြစ်မှုများ ကျူးလွန်ခဲ့မှုဖြင့် ‌ထောင်ဒဏ် (၈) နှစ် ချမှတ်လိုက်သည်။ 

ထို့နောက် သက်ဆင်ကို ဘန်ကောက်မြို့ရှိ Bangkok Remand Prison အကျဥ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

သို့သော် အကျဥ်းထောင်ရောက်ပြီးနောက် ညသန်းခေါင် မတိုင်မီမှာပင် အကျဥ်းထောင် တာဝန်ရှိသူများက သက်ဆင်ကို ရဲဆေးရုံသို့ ရွှေ့ပြောင်းလိုက်သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်းနှင့် သွေးအတွင်း အောက်စီဂျင်လျော့ကျခြင်းတို့ အပါအဝင် အသက်အန္တရယ် စိုးရိမ်ရသည့် ကျန်းမာရေးအခြေအနေများအတွက် ခေတ်မီ ဆေးကုသမှု ကိရိယာများဖြင့် ကုသမှုခံယူရန် လိုအပ်သောကြောင့်ဟု အကျဥ်းထောင် တာဝန်ရှိသူများက ဆိုသည်။

သက်ဆင်ကို ချမှတ်ထားသည့် ထောင်ဒဏ် (၈) နှစ် ပြစ်ဒဏ်ကိုလည်း နောက်ပိုင်းတွင် ထိုင်းဘုရင်က (၁) နှစ်အဖြစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လျှော့ပေါ့ပေးခဲ့သည်။ 

သက်ဆင်၏ ချင်းမိုင်ခရီးစဥ်မှာ အာဏာပိုင် VIP တစ်ဦး ကွင်းဆင်းစစ်ဆေးသည့် ခရီးစဥ်ပုံစံပေါက်နေသည်ဟုလည်း ဆိုသည်။ 

သက်ဆိုင်ရာ ဝန်ကြီးများနှင့် အစိုးရဝန်ထမ်းများက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ချင်းမိုင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အများပြည်သူဆိုင်ရာ စီမံကိန်းမျိုးစုံနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများ ရှင်းပြခဲ့ကြသည်။

သက်ဆင်၏ ခရီးစဥ်ကို လုံခြုံရေးကိစ္စ ကြီးကြပ်ဆောင်ရွက်ရန် ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ကလည်း လိုက်ပါလာသည်ဟု ဆိုသည်။ 

ချင်းမိုင်ခရီးစဥ်အတွင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည့် ၎င်းအား ထောက်ခံအားပေးသူ ပြည်သူများနှင့်လည်း တရင်းတနှီး တွေ့ဆုံခဲ့သည်။

Source: Bangkok Post