အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မိုးသည်းထန်မှုကြောင့် အသွားအလာများ ရပ်ဆိုင်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မိုးသည်းထန်မှုကြောင့် အသွားအလာများ ရပ်ဆိုင်း
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့နှင့် အနီးအနားရှိ‌ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သန်းနှင့်ချီသည့် လူတို့၏ နေ့စဥ်ဘဝများကို အနှောင့်အယှက် အခက်အခဲ ကြုံစေခဲ့သည်။ 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မွမ်ဘိုင်းမြို့၏ နေရာအများအပြားမှာ ခါးအထိနက်သည့် ရေနစ်မြုပ်နေဆဲ ဖြစ်သည်။ 

အိန္ဒိယမိုးလေဝသဌာနက မွမ်ဘိုင်းနှင့် ၎င်း၏ အနီးအနားရှိ ခရိုင်များကို လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး ဇူလိုင်လ (၅) ရက်နေ့မှ နောက် (၅) ရက်အတွင်း မိုးရွာသွန်းမှု သည်းထန်ရာမှ အလွန်သည်းထန်သည့် အခြေအနေဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

မွမ်ဘိုင်းမြို့တွင် ကြိုတင်ကာကွယ်မှုအဖြစ် National Disaster Response Force ၏ အဖွဲ့များကို ဖြန့်ကျက်ချထားသည်ဟု ဆိုသည်။ 

မွမ်ဘိုင်းတည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်တွင် နှစ်စဥ် ယခုအချိန်၌ မုတ်သုံမိုးများ ရွာနေကျဖြစ်သည်။ 

 

မုတ်သုံမိုးများမှာ လူတို့၏ဘဝအတွက် အဓိကကျပြီး သီးနှံစိုက်ပျိုးရန် မိုးရေကို မှီခိုအားထားရသည့် သန်းနှင့်ချီသော လယ်သမားများ၏ ကံကြမ္မာကိုလည်း ပုံဖော်နေသည်။

သို့သော် ရာသီဥတုပြောင်းလဲမှုက မကြာသေးမီ နှစ်များအတွင်း မိုးရွာသွန်းမှုများကို ပိုမိုပြင်းထန်းစေခဲ့ပြီး ခန့်မှန်းရခက်ခဲလာကြောင်းနှင့် စစ်ဆေးမှုမရှိသည့် မြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေး လုပ်ငန်းများကလည်း လမ်းနှင့် နေအိမ်များ ရေနစ်မြုပ်ပြီး ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

မွမ်ဘိုင်းမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အလျင်အမြန် လုပ်ဆောင်နေရာ နေ့စဥ် လူပေါင်းထောင်နှင့်ချီပြီး အလုပ်အကိုင်ရှာဖွေရန် ရွှေ့ပြောင်းရောက်ရှိလာကြသည်။ 

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများမှာ စည်းမျဥ်းစည်းကမ်း လိုက်နာမှုမရှိတတ်ကြဟု ဆိုသည်။

မွမ်ဘိုင်းမြို့၏ နေရာအများအပြားတွင် ရေနုတ်မြောင်းစနစ်များ အိုဟောင်းနေခြင်းကလည်း ရေကြီးမှု ဖြစ်ပေါ်စေကြောင်း သိရသည်။ 

ရေကြီးမှုသက်သာစေရန် သဘာဝကြားခံအဖြစ် တည်ရှိနေခဲ့သည့် မွမ်ဘိုင်းမြို့၏ ဒီရေတော နေရာများမှာလည်း လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ 

မွမ်ဘိုင်း၏ နေရာအများအပြားတွင် အဓိကကျသည့် ရထားခရီးစဥ်များ ရပ်ဆိုင်းခဲ့ရပြီး ပုံမှန်အားဖြင့် စည်းကားနေသည့် မြို့မှာ အသွားအလာ ရပ်ဆိုင်းသွားခဲ့သည်။ 

Thane ခရိုင်အတွင်း အနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ရေဝင်ရောက်လာမှုကြောင့် ဒေသခံအများအပြားကို မုန်တိုင်းခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရသည်။ 

မွမ်ဘိုင်းမြို့ ဆင်ခြေဖုံးရှိ Kundalika မြစ်တွင် စိုးရိမ်ရေမှတ်အထက်သို့ မြစ်ရေမြင့်တက်နေကြောင်း PTI သတင်းဌာနက ဖော်ပြသည်။

Source: BBC

Photo: GETTY IMAGES