မျောက်၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် ထိုင်းအမျိုးသမီးက ရဲစခန်းတွင် တိုင်ချက်ဖွင့်

မျောက်၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် ထိုင်းအမျိုးသမီးက ရဲစခန်းတွင် တိုင်ချက်ဖွင့်
By Mr John

 ထိုင်းနိုင်ငံတွင် မျောက်တိုက်ခိုက်ခံမှုကြောင့် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦးက သူမ၏ ဆေးကုသမှု ကုန်ကျစရိတ် ပြန်ကာမိစေရန် ကြိုးပမ်းမှုအဖြစ် ၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့က ရဲစခန်းတွင် တိုင်ချက်ဖွင့် လိုက်သည်။

Arikanta Kanchanasinmetha အမည်ရှိ အမျိုးသမီးက လော့ပ်ဘူရီပြည်နယ် Muang ခရိုင်ရှိ Tha Hin ရဲစခန်းတွင် ရဲတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး အာဏာပိုင်များ အနေဖြင့် သူမ၏ တိုင်ကြားချက်ကို တရားဝင် စာရင်းသွင်းလက်ခံရန် ပန်ကြားခဲ့သည်။

သို့မှသာ ဆေးကုသမှု ကုန်ကျစရိတ် ပြန်လည်တောင်းခံရာတွင် တရားဝင် စာရွက်စာတမ်းအဖြစ် အသုံးပြုနိုင်မည်ဟုလည်း Arikanta က ပြောသည်။ 

မည်သည့် ဌာန သို့မဟုတ် ရုံးကို ကုန်ကျစရိတ် ပြန်တောင်းမည်ကိုမူ သူမက မပြောခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ 

မျောက်များ ပါဝင်သည့် အမှုတစ်ခုကို ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း Arikanta ၏ မောင်ဖြစ်သူက Jah Ice Thap Fah အမည်ဖြင့် ၎င်း၏ Facebook အကောင့်တွင် ရေးသားထားသည်။

Arikanta ၏ တိုင်ကြားချက်တွင် ၂၀၂၄ ခုနှစ် မတ်လ (၆) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်၌ Muang ခရိုင်ရှိ လမ်းတစ်လမ်းတွင် လမ်းလျှောက်သွားနေစဥ် မျောက်များ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု သူမက ပြောကြောင်း မောင်ဖြစ်သူ Facebook ပေါ် တင်ထားသော တိုင်ကြားချက်မိတ္တူအရ သိရှိရသည်။

မျောက်များအနက် တစ်ကောင်က သူမ၏ နောက်ကျောကို ခုန်ပျံပြီး ကန်ခဲ့ရာ လဲကျသွားပြီး သူမ၏ အစားအစာကို ခိုးယူသွားခဲ့ကြောင်းနှင့် လမ်းမပေါ် လဲကျကာ ဒဏ်ရာများရခဲ့ကြောင်း Arikanta က ပြောထားသည်။ 

Arikanta ၏ ဘယ်ဖက်ဒူး အဆစ်လွဲသွားပြီး သူမ၏ ခန္ဓာကိုယ်၌ အသေးစား ပွန်းပဲ့ဒဏ်ရာများရခဲ့သည်။ 

သူမကို ပရဟိတသမားများက ကူညီကယ်ဆယ်ပြီး လော့ပ်ဘူရီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ဆေးရုံမှဆင်းခဲ့ကြောင်း သိရသည်။

 

Source: Bangkok Post