ဗန်းမော်တက္ကသိုလ်အတွင်း  စစ်ကောင်စီတပ်က ကျောင်းသားနှင့် ဆရာ၊ဆရာမများကို ညတွင်ချင်း ပြောင်းရွှေ့ခိုင်းပြီး တပ်စွဲထား

ဗန်းမော်တက္ကသိုလ်အတွင်း  စစ်ကောင်စီတပ်က ကျောင်းသားနှင့် ဆရာ၊ဆရာမများကို ညတွင်ချင်း ပြောင်းရွှေ့ခိုင်းပြီး တပ်စွဲထား

 ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ တက္ကသိုလ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့ ညပိုင်းက ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများကို ညတွင်းချင်း ပြောင်းရွှေ့ခိုင်းပြီးနောက် စခန်းချကာ တပ်စွဲထားလိုက်ကြောင်း သိရသည်။

“ကျောင်းသားတွေ၊ ဆရာတွေကို ညတွင်းချင်း ပြောင်းခိုင်းတာ။ ကျောင်းထဲအထိ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ပြီးဝင်လာကြတာ။ မနေ့က ဗန်းမော်လေယာဉ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ပစ်တော့ ပြည်တွင်းလေကြောင်းလိုင်း တွေလည်း ပျံသန်းရမယ့်ခရီးစဉ်ရပ်နားသွားတယ်။ လက်နက်ကြီးတွေနဲ့လည်း ဗန်းမော်တပ်တွေက ပစ်ခတ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဗန်းမော်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်က တက္ကသိုလ်အတွင်း  တပ်စွဲကာခြင်း ဖြစ်သည်။

 



ယမန်နေ့က မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူများသဖြင့် ဗန်မော်စစ်တပ်ဆေးရုံသို့ ရောက်လာသူများပြီး တပ်ဆရာဝန်များကိုလည်း စစ်ကောင်စီတပ်က ပြင်ပထွက်ခွါခွင့်ပိတ်လိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး နှင့် မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့်(၂၅၉) လေ ယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချိုတိုကို မတ်လ (၇)ရက်နေ့ နံနက်ပိုင်းကစတင်၍ ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခြင်းဖြစ်သည်။ 

မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက် ခံ ခလရ (၁၀၃)တပ်ရင်း၊ ပွိင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့်  ဒေါ့ဖုန်းယန်မြိုနယ်အနီးရှိ ပွိင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။