လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှ ရဲများပစ်ခတ်ခံရပြီး ယာယီစခန်းမှူးအပါအဝင် (၂)ဦးသေဆုံး

လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှ ရဲများပစ်ခတ်ခံရပြီး ယာယီစခန်းမှူးအပါအဝင် (၂)ဦးသေဆုံး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှ ယာယီစခန်းမှူးအပါအဝင် (၄)ဦး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၂၃)ရက်နေ့က ပစ်ခတ်ခံရ ကာ စခန်းမှူးအပါအဝင် (၂)ဦးသေဆုံးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မောင်းမကန်ရဲစခန်းမှ ယာယီစခန်းမှူး ဒုရဲအုပ် စစ်အောင်သူထွန်းပါဝင်သည့် (၄)ဦးသည် ကားတစ်စီးဖြင့် ကင်းလှည့်ပြီးပြန်လာစဉ် မောင်းမကန် ရဲစခန်းအနီး၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် စစ်အောင်သူထွန်းနှင့် တပ်ကြပ်ကြီး ရဲညွန့်တို့ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ ကျန်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရပြီးနောက် ကားတိမ်းမှောက်သွားပြီး စခန်းအတွင်းမှ စစ်ကူများ ရောက်ရှိလာသဖြင့် ဆုတ်ခွာခဲ့ရပြီး တစ်နာရီဝန်းကျင်အကြာတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YePhyu People Defence Force-YPPDF တို့ပူးပေါင်းပြီး မောင်းမကန်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် မောင်းမကန်ရဲစခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် အင်အား(၁၀၀)ဝန်းကျင်ဖြင့် မောင်းမကန်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးကာ အရပ်သားတစ်ဦး အားသတ်ဖြတ်သွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency