လားရှိုးမြို့တွင် ဗုံးခွဲခံရမည်စိုးရိမ်သည့် စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်ကို ရပ်ကွက်ရုံးသို့ စာရင်းသွင်းခိုင်း

လားရှိုးမြို့တွင် ဗုံးခွဲခံရမည်စိုးရိမ်သည့် စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်ကို ရပ်ကွက်ရုံးသို့ စာရင်းသွင်းခိုင်း
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဗုံးခွဲခံရမည်စိုးရိမ်သည့် စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်စာရင်းကို ကောက်ယူနေပြီး လူငယ်များကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို စာရင်းပေးရမည်ဖြစ်ဖြစ်ပြီး စာရင်းလာမပေး၍ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းမည်ဟု သိရသည်။

"စာရင်းသွားမပေးရင် အိမ်အထိစာရင်းလာကောက်တယ်။ ကြားတာကတော့ ဗုံးခွဲအကြမ်းဖက်တဲ့သူတွေကိုဖမ်းဖို့တဲ့။ ဥပမာ ကျွန်မတို့အိမ်ဆို ကား(၂)စီး၊ ဆိုင်ကယ်(၂)စီးရှိတယ်။ အဲဒါကို တခုခုဖြစ်လို့ ဝင်စစ်ရင် စာရင်းပေးထားသလို ကား(၂)စီး၊ ဆိုင်ကယ်(၂)စီးမဟုတ်ဘဲ ပိုနေရင် အဲဒါမသမာဘူးပေါ့။ စာရင်းထဲမရှိလို့။ သိမ်းတာမျိုးနဲ့ လူပိုနေရင် ဖမ်းမှာပေါ့။ အဲဒီလိုကြားတယ်။"ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ရပ်ကွက်ရုံးတွင် အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်၊ ကားအမျိုးအစားနှင့် အရောင်၊ တပ်ဆင်ထားသည့်နံပတ်တို့အား ရပ်ကွက်ရုံးတွင် စာရင်းပေးရသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ‌လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို အိမ်ထောင်စုလူစာရင်းများနှင့်တကွလည်း ကောက်ယူနေခြင်းများ ရှိသည်ဟု သိရသည်။

"ဒီဘက်က လိုင်စင်မဲ့တွေပဲစီးကြတာ။ နံပတ်ပြားလည်း တွေ့တာတပ်ပဲ။ အခုဆို ဘထ္ထရီဘီးတောင် နံပတ်ပြားတပ်နေရတယ်။"ဟု ‌လားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် လားရှိုးမြို့ရှိ အဓိကနေရာများဖြစ်သော ခိုင်ရွှေဝါလမ်း(၅)လမ်းနှင့် (၆)လမ်းကြား၊ လေယာဉ်ကွင်းဘက်၊ ရပ်ကွက်(၇)ရုံးရှေ့၊ လားရှိုးကြီးဘက်နှင့် မထင်မှတ်သည့် နေရာများတွင် လူငယ်များကို စစ်ဆေးခြင်းများရှိသည်ဟု ဆို သည်။

"လူငယ်ယောကျာ်းလေးတွေကို ပိုစစ်တယ်။ ဘယ်သွားမှာလဲ၊ ဘယ်ကလာတာလဲ၊ ဘာတွေလုပ်လဲ၊ ဘာတွေပါလဲမေးတယ်။ ကား ဆိုနောက်ခန်းတွေအကုန်စစ်တယ်။ ဘီးထားတဲ့နေရာတွေအထိစစ်တယ်။ ဆိုင်ကယ်ဆို တူးဘောက်စ်အထိစစ်တယ်။"ဟု ‌လားရှိုးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လားရှိုးမြို့တွင် မကြာခဏဗုံးပေါက်ကွဲမှုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက်(၃)၊ သီရိလမ်းပေါ်ရှိ DR ကုန်မာဆိုင်ရှေ့၌ ဆိုင်ကယ်အတွင်း ထည့်ထားသော ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ရှမ်းမြောက်တွင် စတင်ခဲ့သော ၁၀၂၇ စစ်‌ဆင်ရေးကာလအတွင်း စစ်ရှုံးကာ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်သား ထောင်ချီကို လားရှိုးမြို့သို့ ညီနောင်မဟာမိတ်တပ်များက ပို့ဆောင်ပေးခဲ့သည်။

#TachileikNewsAgency