KNU ပိတ်ဆို့ဖြတ်တောက်ထားသည့် စစ်ကောင်စီတပ် ဗျူဟာစခန်းအား စစ်ကောင်စီတပ်သားများစွန့်ခွာ

KNU ပိတ်ဆို့ဖြတ်တောက်ထားသည့် စစ်ကောင်စီတပ် ဗျူဟာစခန်းအား စစ်ကောင်စီတပ်သားများစွန့်ခွာ
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာ လူသောမြို့ နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာစခန်းတစ်ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီဖြစ်ကြောင်း KNU တပ်မဟာ(၅)ထံမှ သိရသည်။

လူသောမြို့နယ်၊ ယယ်မူပလောကျေးရွာအုပ်စုအတွင်းရှိ ခမရ (၃၄၉)အခြေချရာ ဗျူဟာစခန်းဖြစ်သော မော်ဖူးတပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ကာ ယမန်နေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ထွက်ပြေးသွားသည်ဟု ဆိုသည်။

၎င်းတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် လူသောမြို့နယ်၊ ဖလပ်ခိုကျေးရွာအုပ်စုအတွင်းရှိ ကူခိုတပ်စခန်းထံ သွားရောက်ပူးပေါင်းနေသည်ဟု သိရသည်။

KNU တပ်မဟာ(၅)လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များက နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ခြင်း၊ ပိတ်ဆို့ထားခြင်းကြောင့် စခန်းစွန့်သွားကြခြင်းဖြစ်ကြောင်း KNUကဆိုသည်။

မော်ဖူးတပ်စခန်းသည် KNU ဗဟိုဌာနချုပ်၊ မာနယ်ပ‌လောစခန်းကျပြီးနောက် (၂)နှစ်အကြာ ၁၉၉၇ခုနှစ်အတွင်း တပ်စွဲထားသည့် စခန်းဖြစ်ပြီး (၂၇)နှစ်ကြာ နယ်မြေကျူးကျော် တပ်စွဲထားသည့် ဗျူဟာတပ်စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။

KNU ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများသည် ရိက္ခာ၊ စစ်ကူများ ပိတ်ဆို့ဖြတ်‌တောက်ခံထားရသဖြင့် တပ်စခန်းများစွန့်ကာ ထွက်ပြေးခြင်းများ မကြာခဏရှိနေသည်။

#TachileikNewsAgency