SSPP က ၎င်းတို့၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်း စည်ကမ်းတို့ကို လက်ခံယုံကြည် လိုက်နာနိုင်မည့်သူများကို အမြဲလက်ခံ ကြိုဆိုမည်ဟု ထုတ်ပြန်

SSPP က ၎င်းတို့၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်း စည်ကမ်းတို့ကို လက်ခံယုံကြည် လိုက်နာနိုင်မည့်သူများကို အမြဲလက်ခံ ကြိုဆိုမည်ဟု ထုတ်ပြန်
ဖေဖော်ဝါရီ 22, 2024 | ရှမ်းတောင်

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်နယ်တပ်မတော်( SSPP/SSA )၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်း စည်ကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုလျှင် လူမျိုးဘာသာမရွေး အမြဲလက်ခံ ကြိုဆိုနေမည်ဟု ယနေ့ ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်အာဏာရှင်တို့၏ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကြောင့် ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိရမည်ဆိုသည့် တော်လှန်ရေး၏ နိယာမအတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများ တော်လှန်သောလမ်းစကို ရှာကြံနေကြသည်ကိုလည်း ကြားသိရသည်ဟု ဆိုသည်။

ထို့ကြောင့် SSPP သည် တော်လှန်သော လမ်းစကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအတွက် SSPP ၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်ကမ်းတို့ကို လက်ခံ ယုံကြည်လိုက်နာမည်ဆိုလျှင် လူမျိုးဘာသာမရွေး အမြဲလက်ခံကြိုဆိုနေမည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ကလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)သည် ရှမ်းပြည်အတွင်းနေထိုင်သည့် အသက်(၁၈)နှစ်ပြည့်ပြီး သူများသည် (၆)နှစ်တာ စစ်မှုထမ်းရမည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းတက်ရောက်ပြီးမြောက်ထားသူများသည် စာသင်ကြားပို့ချခြင်းနှင့် ရုံးလုပ်ငန်း တာဝန်ထမ်းဆောင်ခြင်းများကို လုပ်ဆောင်ရမည်ဟုလည်း ထုတ်ပြန်လိုက်ရာ ပြည်သူများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သေးသည်။ 

RCSS က အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း (၆)နှစ် စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ထားသော်လည်း SSPP က ၎င်း(SSPP)၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်း စည်ကမ်းတို့ကို လက်ခံယုံကြည်လိုက်နာနိုင်မှသာ ပါဝင်စစ်မှုထမ်းနိုင်သည့် သဘော ထုတ်ပြန်ထားသည်။