ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်မှုများအပေါ် တာဝန်ရှိသူများ ဆွေးနွေးသုံးသပ်

ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်မှုများအပေါ် တာဝန်ရှိသူများ ဆွေးနွေးသုံးသပ်
ဧပြီ 27, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်မှုများအပေါ် တာဝန်ရှိသူများ ဆွေးနွေးသုံးသပ်

ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူထု၏ဝေဖန်မှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း (၇)ခုကို ပြည်နယ် COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးဖြင့် ဆုံးဖြတ်ထားကြောင်း သိရသည်။

“အစည်းအဝေး ကျင်းပဖြစ်တာကတော့ ကော်မတီကို (၉)ရက်နေ့က ဖွဲ့စည်းတာဖြစ်ပေမဲ့ (၁၀)ရက်နေ့မှာ  ခရီးစထွက်လိုက်တော့ အစည်းအဝေး မလုပ်ဖြစ်တာက အဓိက အကြောင်းရင်းတစ်ခုဖြစ်တယ်။ ဒုတိယအကြောင်းရင်းကတော့ စဝ်စံထွန်းဆေးရုံကို လူတွေအများကြီး ဝေဖန်ထားတာရှိတယ်။ လူနာတွေနဲ့ ပတ်သက်ပြီး တစ်ချို့ မကြည့်ပေးဘူး ဆိုတာမျိုး၊ တစ်ချို့ သေချာမစစ်ဆေးဘဲ ပြန်လွှတ်တယ် ဆိုတာမျိုး  ဝေဖန်တာမျိုးတွေရှိနေတယ်။ တကယ်တမ်းကတော့ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့ ကလည်း လုပ်ရသေးတယ်။ အဲဒီမှာ အားနည်းချက်လေးတွေကတော့ ရှိတာပေါ့။ အဲဒီအပေါ်မှာလည်း ဝေဖန်ခံရသေးတယ်ဆိုတော့ ကျွန်တော်တို့ ပြန်သုံးသပ်တဲ့အခါကျတော့ လူထု ထဲထဲဝင်ဝင်သိအောင် ကျွန်တော်တို့ မရှင်းပြတာက ကိုယ့်ဘက်က အားနည်းချက်ဖြစ်တယ်ပေါ့နော်။  အဲဒီလိုပြဿနာ မဖြစ်အောင်လည်း  ပြည်သူလူထု သိသင့်သိထိုက်တာလေးတွေ အသိပေးထားဖို့ကအစ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

အဆိုပါ ကော်မတီကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပြီး ပထမအကြိမ် အစည်းအဝေးကို တောင်ကြီးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊  ကျန်းမာရေး ပြည်နယ်မှူး၊ စဝ်စံထွန်းဆေးရုံ  ဆေးရုံအုပ်ကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ဆေးရုံအုပ်ကြီးတို့က ဆေးရုံများနှင့်ပတ်သက်၍ လိုအပ်ချက်များ ပြုပြင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးပြီးနောက် ပြည်နယ်တွင်း COVID 19 ကုသရေးဆေးရုံများတွင် လူနာနှင့် ဝန်ထမ်းများအား အဟာရကျွေးမွေးနိုင်ရေး အဟာရကော်မတီများဖွဲ့စည်းဆောင်ရွက်ပြီး ဘတ်ဂျက်လိုအပ်ပါက ပြည်နယ်အစိုးရထံမှ တောင်းခံရန်၊ ဆေးရုံများတွင် Hospital Quarantine / Isolation Ward တက်ရောက်နိုင်သည့် စံသတ်မှတ်ချက်များကို ထင်သာမြင်သာ ကြေငြာပေးရန်၊ COVID 19 အရေးပေါ်ကာလဖြစ်၍ မလိုအပ်ဘဲ ကူးစက်မခံရစေရေး သတိထားဆောင်ရွက်ရန် ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် Volunteer များ အခမဲ့ဆေးကုခန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိဆန္ဒဖြင့် Hotel Quarantine ဝင်လိုသူများအတွက် ညှိနှိုင်းစီစဉ်ပေးရန်နှင့်  မြို့နယ်အလိုက် သံသယလူနာများရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှတစ်ဆင့် ကြိုတင်ဆက်သွယ် ချိတ်ဆက်ရန်တို့ကို ဆုံးဖြတ်ခဲ့သည့်အပြင် ပြည်နယ်အတွင်း COVID 19 နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~