မောင်တောမြို့နယ်အတွင်း မူဆလင်ဒုက္ခသည် (၁၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

မောင်တောမြို့နယ်အတွင်း မူဆလင်ဒုက္ခသည် (၁၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မူဆလင်ဒုက္ခသည် (၁၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးချရန် ဖမ်းဆီး ခေါ်ဆာင်သွားကြောင်း မူဆလင်ဒုက္ခသည်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့နယ်အတွင်း ပုစွန်ချောင်း၊ တပ်မချောင်း၊ ငကျိုင်တောက်နှင့် ကျောက်ဖြူတောင် စသည့်ကျေးရွာတို့မှ ဖြစ်ပြီး စစ်ကောင်စီတပ်ရင်းများ ဖြစ်သည့် (၅၃၅)၊ (၃၅၃)တပ်များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နှင့် (၂၀)ရက်နေ့တို့တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

"(၅၃၅)နဲ့ (၃၅၃)တပ်ရင်းတွေက မောင်တောမှာ လူ(၁၀၀)နီးပါးခန့်ကို အတင်းအဓမ္မ ဆွဲခေါ်သွားတယ်။"ဟု အမည်အဖော်လိုသည့် မူဆလင်ဒုက္ခသည်တစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ပြောသည်။

၎င်းတို့အား မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ  ကျန်ရှိသူများကို ထပ်မံဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုသွားသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ကျောက်ဖြူမြို့နယ်တို့ရှိ မူဆလင်ဒုက္ခသည်များကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲနေသည်များလည်းရှိကြောင်း မူဆလင်ဒုက္ခသည်များက ပြောသည်။

စစ်ကောင်စီတပ်များသည် မူဆလင်ဒုက္ခသည်များကို အတင်းအကျပ် စစ်မှုထမ်းရန် စည်းရုံးခြင်း၊ ဖမ်းဆီးခြင်း၊ အကျပ်ကိုင်ခြင်းအပြင် နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ လူသားဒိုင်းသဖွယ်အသုံးချရန်ကြိုးပမ်းနေသည်ဟု မူဆလင်ဒုက္ခသည်များက ပြောသည်။

"အာရက္ခန်ပြည်သားအချင်းချင်းသွေးခွဲ လူမျိုးရေးအသွင်ဆောင် ပြဿနာဖန်တီးပြီး စစ်ရှုံးစစ်ကောင်စီက စစ်နိုင်ဖို့ကြိုးပမ်းခြင်းသည် ရိုဟင်ဂျာကိုဒုတိယအကြိမ်လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်သလို ရခိုင်နှင့် အခြားမျိုးနွယ်စုတွေကိုလည်း လူမျိုးသုဉ်းသတ် ဖြတ်ရေးအတွက် ယုတ်မာတဲ့နည်းလမ်းတွေကို စကစ ကအသုံးပြုတာဖြစ်တယ်လို့ရှုမြင်ပါတယ်။"ဟု မူဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့်ရက်ပိုင်းက ပြဌာန်းခဲ့ပြီးနောက် ဧပြီလကုန်တွင် စတင်ရန် လုပ်ဆောင်နေကာ တိုင်းနှင့် ပြည်နယ်ရှိ မြို့ကြီးများတွင် ဝါဒဖြန့်စာရွက်များ လိုက်လံပေးဝေမှုများကိုလည်း လုပ်ဆောင်နေသည်။