ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုရန် စစ်ကောင်စီတွင် တရားဝင်မှုမရှိသဖြင့် လူငယ်များ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ကြရန် KNU တိုက်တွန်း

ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုရန် စစ်ကောင်စီတွင် တရားဝင်မှုမရှိသဖြင့် လူငယ်များ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ကြရန် KNU တိုက်တွန်း
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကဲ့သို့ ဥပဒေများအသက်ဝင်ကြောင်း အတည်ပြု သတ်မှတ်ရန် တရားဝင်မှုမရှိသဖြင့် စစ်မှုထမ်းဥပဒေကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ကန့်ကွက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်မှုထမ်းဥပဒေသည် တနိုင်ငံလုံးအား စစ်နွံအတွင်း နက်ရှိုင်းစွာကျရောက်စေရန် လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်သလို စစ်အာဏာရှင် သက်ဆိုးရှည်စေသည့် လုပ်ရပ်ဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း KNUက ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် တိုင်းပြည်အား ပြည်ပရန်ကျူးကျော်မှုများမှ ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များနှင့် အကြီးစား မတော်တဆဖြစ်ပွားမှုများ စသည်တို့တွင် လူသားချင်းစာနာထောက်ထားသော အကူအညီပေးအပ်မှုအပါအဝင် နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်အတွက် ဖြည့်ဆည်းပေးအပ်ရမည့် မှန်ကန်သည့် ဝန်ဆောင်မှုဖြစ်သည်ဟု ဆိုသည်။

မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီ၏ မတရားထုတ်ပြန်ထားသည့် ဥပဒေအကောင်အထည်ဖော်မှုလုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြင်းခြင်းအကာကွယ်ပေးသည့် လုပ်ငန်းများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

တရားမဝင်ဥပဒေများဖြင့် စစ်ကောင်စီက လူငယ်မျိုးဆက်နှင့် လုပ်သားအရင်းအမြစ် မျိုးဆက်တစ်ခုအား အတင်းအကြပ် တပ်သားသစ် စုဆောင်းပြီး စစ်ပွဲနွံအတွင်းသို့ ဆွဲသွင်းခြင်းကို ပြည်သူလူထုက လိုက်နာရန် မလိုအပ်ဟုလည်း တိုက်တွန်းထားသည်။

စစ်ကောင်စီနှင့် အလိုပါ လုပ်ဆောင်သူများအားလုံးသည် အဆိုပါဥပဒေအကောင်အထည်ဖော်ခြင်းအတွက် ဖြစ်ပေါ်မည့် နောက်ဆက်တွဲနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားမှသာလျှင် စစ်တပ်၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်၊ သွေးခွဲ၊ သတ်ဖြတ်နေမှုများနှင့် နိုင်ငံအား စစ်တလင်းအဖြစ် ဖန်တီးနေမှုများ ချုပ်ငြိမ်းစေမည်ဖြစ်သည်ဟု ဆိုသည်။

မျိုးဆက်သစ်လူငယ်များအနေဖြင့် ခတ်နှင့်လျှော်ညီသည့် တီထွင်ဖန်တီးနိုင်သော စွမ်းပကားများကို အသုံးချကာ မတရားသော စစ်ကောင်စီ၏လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားရန် တိုက်တွန်းထားပြီး KNUအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍများမှ ပံ့ပိုးကူညီပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: KNU