ပအိုဝ်း အချင်းချင်း တိုက်ခိုက်ရန် စစ်ကောင်စီက PNO ကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး လက်နက်တွေ ထုတ်ပေး

ပအိုဝ်း အချင်းချင်း တိုက်ခိုက်ရန် စစ်ကောင်စီက PNO ကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး လက်နက်တွေ ထုတ်ပေး
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| ရှမ်းတောင်

အာဏာသိမ်း စစ်ကောင်စီက   ပအိုဝ်း အချင်းချင်း တိုက်ခိုက်ရန် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)များကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး ယနေ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင်  လက်နက်တပ်ဆင်ပေးကြောင်း သိရသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ လက်နက်တပ်ဆင်ပေး ခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်တပ်ဆင်ခြင်းအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ PNO အသွင်ပြောင်း ပြည်သူ့ စစ် (ဌာနေ )တပ်ဖွဲ့ဝင်များတက်ရောက်သည်ဟု သိရသည်။

လက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) နှင့်  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် / ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLO/PNLA )တို့ တိုက်ပွဲဖြစ်ပွားနေပြီး PNLO က ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း မပြုလုပ်လိုကြောင်း သတင်းထုတ်ပြန်ထားသည်လည်း ရှိခဲ့သည်။



PNLO/PNLA တပ်များအား ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)က စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ချောင်းမြောင်း တိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်နေပြီး PNLO/PNLA က PNO တပ်သားများကို မကြာခဏ ဖမ်းဆီးရမိနေကြောင်းလည်း PNLO က သတင်းထုတ်ခြင်းများရှိသည်။

စစ်ကောင်စီ၏ လက်ကိုင်တုန် PNO က ကျေးရွာများတွင် မသိနားမလည်သည့် ပအိုဝ်းလူငယ်များကို ခြိမ်းခြောက် စည်းရုံးကာ စစ်သင်တန်း တက်စေပြီး လက်နက်တပ်ဆင်ခြင်းများပြုလုပ်နေခြင်းကြောင့် လူငယ်တချို့မှာ ပအိုဝ်းအချင်းချင်း မတိုက်လိုခြင်းများအပြင် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် မဖြစ်လို၍ ထွက်ပြေးခြင်းများလည်းရှိနေကြောင်း ဒေသခံများထံက သိရသည်။