မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့်ဆွေးနွေးမည် မဟုတ်တော့ဘဲ  တော်လှန်အဖွဲ့များနှင့် ပူးပေါင်းပြီး ပြန်လည် တော်လှန်သွားမည်

မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့်ဆွေးနွေးမည် မဟုတ်တော့ဘဲ  တော်လှန်အဖွဲ့များနှင့် ပူးပေါင်းပြီး ပြန်လည် တော်လှန်သွားမည်

 စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း နှင့် နွေဦးတော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP)က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချ သတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရသည်ဟု ဆိုသည်။

အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာ ပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန်မဖြစ်နိုင် တော့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု  ယုံကြည်သည်ဟု ဆိုသည်။

အဆိုပါ ယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံအတွင်း အကျေအလည် ဆွေးနွေးခဲ့သော်လည်း လတ်တလောအခြေအနေတွင် (၂၀၁၂)ခု နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီး စစ်ကောင်စီနှင့် ဆက်ဆံသွားရန်ဆုံးဖြတ်ခဲ့သည်ကို လုံးဝလက်မခံနိုင်ဟုလည်း ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရအဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကသာ လက်ရှိ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မွန်ပြည်သစ်ပါတီလိုလားသည့် ဖက်ဒရယ် အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝမရရှိခဲ့ဟုလည်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့်  ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည်  အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ် ရန်၊ တိုင်းရင်းသားလူမျိုးများ  လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။